ရန်ကုန်
NLD အစိုးရ သက်တမ်းအတွင်း ဒုတိယမြောက်သမ္မတအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို ၂ဝ၁၈ မတ် ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံ၏ ၁ဝ ဦးမြောက်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် စတင်တာဝန်ထမ်းဆောင်ပြီး တစ်ပတ်ကျော်အကြာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ လူ့အခွင့်အရေးကော်မရှင်တို့ကို သမ္မတအိမ်တော်သို့ သီးခြားစီ ခေါ်ယူတွေ့ဆုံခဲ့သည်။
ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ သွားရောက်ကာ မဏ္ဍိုင်ကြီးသုံးရပ် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကာ ပြည်သူကို မျက်နှာမူသည့် အုပ်ချုပ်ရေးစနစ်ဖြစ်စေရန်နှင့် ပြည်သူကို ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယန္တရားမဖြစ်စေရန်အတွက် ညွှန်ကြားပြောဆိုမှုများစွာရှိခဲ့သည်။ ထို့နောက် ဝန်ကြီးဌာနများကို ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည့်အတွက် ဆက်လက်ဖြစ်ပေါ်လာမည့် အုပ်ချုပ်ရေးစနစ်အပေါ် ပြည်သူလူထု ၏ မျှော်လင့်ချက်မှာ မြင့်တက်လာခဲ့သည်။ သို့သော် အစိုးရသစ် တက်လာပြီးချိန်မှ ယနေ့အချိန်အထိ အုပ်ချုပ်ရေးစနစ်မှာ ဒေါင် ဒေါင်မြည် ကောင်းမွန်ခြင်း မရှိသေးကြောင်း၊ ပြည်သူလူထုဘက်သို့ ပြည့်ဝစွာ မျက်နှာမူခြင်း မရှိသေးကြောင်း ဝေဖန်သုံးသပ်မှုများစွာရှိနေ ခဲ့ပြန်သည်။ အဆိုပါဝေဖန်မှုများအကြားမှပင် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ခါနီးကာလတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ရန် ညွှန်ကြားစာထွက်လာပြီး ရွှေ့ပြောင်းခဲ့မှုမှာ ပြည်သူလူထုအတွက် သတင်းကောင်းတစ်ပုဒ်အနေနှင့် ဖြစ်တည်ခဲ့သည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရာတွင် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အင်္ဂါစုံ ပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး အာဏာရှိသူက ပြည်သူလူထုကို ဖိစီးနှိပ်စက်သည့် အုပ်ချုပ်ရေးစနစ်မျိုး မဖြစ် ပေါ်စေရေးမှာ အရေးကြီးပေသည်။ ထို့ကြောင့် ‘ပြည်သူလူထုကို ဝန်ဆောင်မှု ပေးတဲ့ ယန္တရားမဟုတ်ဘဲနဲ့ ကိုယ့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး ကိုယ်ရတဲ့လစာနဲ့ အဆောင်အယောင်ပေါ်မှာ သာယာပြီးတော့ ဂုဏ်ယူဝင့် ကြွားဖို့၊ မောက်မာဖို့ ပေးထားတာမဟုတ်ဘူး။ ပြည်သူကို ကောင်းမွန်စွာ အလုပ်အကျွေးပြုဖို့၊ ပြည်သူကပေးထားတဲ့တာဝန်ကို ကျေပွန်စွာ ထမ်း ဆောင်ဖို့၊ ပြည်သူ့အသံကိုနားထောင်ဖို့ တာဝန် ပေးထားတာ။ အပေါ်ပိုင်း ပြောင်းလဲရုံနဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ပြောင်းလဲသွားတာ မဟုတ်ဘူး။ မိမိတို့ရဲ့ ယခင်က အလေ့အကျင့် တွေက လူ့သဘာဝအရ ဖျောက်ရခက်တယ်။ ဥပမာ ထမင်းစားပြီး လက်ဖက်ရည်သောက်တတ်တဲ့သူက လက်ဖက်ရည်သောက်ရမှ ကျေနပ်တယ်။ ဒါကို ဖြတ်ပါဆိုရင် အတော်ကြိုးစားရတယ်။ တချို့အလေ့အကျင့်တွေကြောင့် ဒီလို နှောင့်နှေးနေရတဲ့ဟာကို သိစေချင်လို့ ပြောတာပါ”ဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲတွင် ညွှန်ကြားမှုရှိခဲ့ပေသည်။ ယနေ့အချိန်တွင် နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်သမ္မတ ဆော်သြသကဲ့သို့ ပြည်သူ လူထုများ၊ ကျောင်းသားကျောင်းသူ လူငယ်များအကြား ဝင်ရောက်ကာ ယင်းတို့၏လိုအပ်ချက် များကို မေးမြန်းဖြည့်ဆည်းပေးလျက်ရှိနေသည် မှာလည်း မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။
”နိုင်ငံတော်အကြီးအကဲတွေက ဒေသတွေ ကို သွားလာတယ်ဆိုတော့ ဒေသလိုအပ်ချက် တွေကိုတင်ပြမယ်။ သူတို့ကလဲ ဒေသဖွံ့ဖြိုးရေးအတွက် လာတာဖြစ်တဲ့အတွက် အင်မတန် ကောင်းမွန်တယ်”ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကဆိုထားသည်။ ယခင်ကာလတွင် အုပ်ချုပ်ရေးယန္တရား အတွင်း၌ ကြိုးနီစနစ်များ၊ ဗဟိုချုပ်ကိုင်မှုစနစ်များစွာရှိခဲ့သဖြင့် ပြည်သူများများစွာထိခိုက် ခဲ့ရပြီး ယနေ့ခေတ်တွင် အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုများစွာ၊ လျှော့ချမှုများစွာ ပြု လုပ်လျက်ရှိသော်လည်း အဆိုပါစနစ်များမှာ အချို့နေရာများ၌ ကျန်ရှိနေသေးသည်ဟု နိုင်ငံ ရေးလေ့လာသုံးသပ်သူများက ဆိုသည်။
”ဒီလိုပြောင်းလဲမှုတွေ လုပ်ဆောင်လာနိုင်တာတော့ ကောင်းတာပေါ့။ တိုင်းပြည်တစ်ပြည်မှာ အုပ်ချုပ်ရေးစနစ်က အရေးအကြီးဆုံးပဲ။ ဒါ ပေမဲ့ ဗဟိုချုပ်ကိုင်မှုစနစ်တွေ၊ ကြိုးနီစနစ်တွေဟာ အချို့နေရာတွေမှာ အခုအချိန်အထိ ကျန်ရှိနေသေးတာတွေ ရှိသေးတယ်။ ဒါတွေပါ ပြု ပြင်ပြောင်းလဲမှုလုပ်နိုင်ရင် တကယ်ကောင်းမွန်တဲ့၊ ပြည်သူလူထုကို အကျိုးပြုမယ့် အုပ်ချုပ်ရေး စနစ်တစ်ခု ဖြစ်လာမှာပါ။ အခုလုပ်ဆောင်နေတာလဲ မကောင်းဘူးမဟုတ်ဘူး ကောင်းတယ်။ ဒါပေမဲ့လိုအပ်နေတာလေးတွေ ရှိသေးတယ်။ ပိုမိုအားဖြည့်ပြီး ရှေ့ဆက်လျှောက်ရမှာပေါ့”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဦးကျော်ဇင်ကဆိုသည်။ လက်ရှိအစိုးရလက်ထက်တွင် ဗဟိုချုပ် ကိုင်မှုစနစ်ကို လျှော့ချလျက်ရှိသော်လည်း ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းဖြစ်စဉ်၌ အကန့်အသတ်များ ရှိနေဆဲဖြစ်ကြောင်းလည်း ပြောဆိုကြသည်။
”တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကြား ကဏ္ဍတစ်ခုနဲ့တစ်ခုကြား ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းဟာ အတိုင်းအတာ ကွာခြားမှုရှိနေတယ်၊ မြန်မာနိုင်ငံရဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းဖြစ်စဉ်ဆိုင်ရာ မူဘောင်ကို ဖန်တီးထိန်းချုပ်ထားတဲ့ အဓိကအင်စတီကျူးရှင်းတွေ၊ စနစ်တွေနဲ့ ဥပဒေ တွေမှာ လွန်ခဲ့တဲ့ငါးနှစ်အတွင်း လုံးဝကွဲပြား ခြားနားတဲ့ ပြောင်းလဲမှုမျိုး မရှိခဲ့ဘူး။ ဒါကြောင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဖြစ်စဉ်ဟာ အကန့်အသတ် ရှိနေဆဲဖြစ်တယ်”ဟု မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အုပ်ချုပ်မှုစနစ် အစီရင်ခံစာ သုသေသနစာတမ်းရေးသားသူ Richard Batchelerက သုံးသပ်သည်။ အုပ်ချုပ်ရေးဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းသည် နိုင်ငံရေး ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းထက် နည်းပါးနေပြီး ထိုသို့ညီမျှမှုမရှိခြင်းကြောင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရတို့သည် အစိုးရဌာနများ၏လုပ်ဆောင်မှုကို အပြည့်အဝ မထိန်းချုပ်နိုင်ခြင်း သို့မဟုတ် ဌာနများလုပ်ဆောင်မှုကို ဘဏ္ဍာရေးအရ ဆုံးဖြတ်ပိုင်ခွင့်မရှိခြင်းတို့ ဖြစ်ပေါ်လာပြီး ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကို အားနည်းစေကြောင်းလည်း သိရသည်။
”ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဥပဒေလိုမျိုး ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီးတော့ ဖော်ဆောင်နိုင်ဖို့ အရေးကြီးတယ်။ အဲဒီလို ဖော်ဆောင်တဲ့ နေရာမှာ အစိုးရပိုင်း၊ လွှတ်တော်ပိုင်း၊ နိုင်ငံရေး ခေါင်းဆောင်တွေပိုင်း၊ တိုင်းရင်းသားခေါင်းဆောင် တွေပိုင်း၊ တပ်မတော်ခေါင်းဆောင်တွေပိုင်း အားလုံး ယုံကြည်မှုရှိရှိ နားလည်မှုရှိရှိနဲ့ ညှိနှိုင်းဆွေး နွေး အမြင်ဖလှယ်ဖော်ဆောင်နိုင်ဖို့ အရေး ကြီးတယ်”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်တစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းက မှတ်ချက်ပြု ပြောကြားသည်။ ပြည်သူသို့ မျက်နှာမူသည့် ပြည်သူအုပ် ချုပ်သည့်စနစ် ဖြစ်ရန်အတွက် ‘ပြည်သူ့အသံ၊ လွှတ်တော်အသံ’ ဟု ဆိုကြသည့် လွှတ်တော် ကဏ္ဍမှာလည်း အရေးပါကြောင်း အများစုက လက်ခံထားကြသည်။ သို့သော် ယနေ့ကာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ပြည်သူ အများစုသည် သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို အားရကျေနပ်မှုမရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE)က ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။
”ဒီမိုကရေစီရှင်သန်ဖို့ ဘယ်သူတွေက ဘယ်လို ထိန်းညှိဆောင်ရွက်ပေးရမလဲ၊ လွှတ်တော် ဆောင်ပုဒ်မှာတော့ ‘ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်’လို့ ဖော်ပြထားတာဟာ ပြည်သူတွေရဲ့ Over sight လုပ်ဆောင်နိုင်မှုကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ဘယ် လောက် အသက်ဝင်ထိရောက်တယ်ဆိုတာတော့ နိုင်ငံရဲ့ ဒီမိုကရေစီစစ်မှန်မှု၊ ရင့်ကျက်မှုအပေါ်မှာ အုပ်ချုပ်တဲ့သူတွေရဲ့ လက်ခံနိုင်မှုနဲ့ လူထုရဲ့ နားလည်လက်ခံနိုင်မှုအပေါ်မှာ အများကြီး မူတည်နေပါတယ်။ အုပ်ချုပ်ရေးအခန်းကဏ္ဍကို တာဝန်ယူထားတဲ့ ဝန်ကြီးဌာနအလိုက် လုပ် ဆောင်မှုတွေကို ထိန်းကျောင်းခြင်း၊ လွှတ်တော် ခွင့်ပြုချက်ဖြင့်သာ လူထုအကျိုးပြု လုပ်ဆောင်ချက်များအား အတည်ပြု အကောင်အထည် ဖော်ခြင်း၊ လွှတ်တော်မှအတည်ပြုထားတဲ့ ဥပဒေအတိုင်းသာ လိုက်နာအကောင်ထည်ဖော်ခြင်း တို့နဲ့ လွှတ်တော်ကဏ္ဍရဲ့ ထိန်းညှိမှုကို ပေါ်လွင် စေပါတယ်”ဟု ရှမ်းပြည်မြောက်ပိုင်း မန်တုံမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက ဆိုသည်။
ထို့ကြောင့် နိုင်ငံသားများ ဥပဒေကျင့်သုံးလိုက်နာမှု ကောင်းမွန်ခြင်း၊ နိုင်ငံသားအားလုံး ကို ကာကွယ်ပေးနိုင်သည့်ဥပဒေများ ပြုပြင်ရေးဆွဲ ပြဋ္ဌာန်းနိုင်ခြင်း၊ နိုင်ငံရေးရာများအား စီမံခန့်ခွဲပေးနိုင်သည့် အုပ်ချုပ်ရေးကဏ္ဍ၊ ကာကွယ် ရေးကဏ္ဍ အားလုံးတို့ကို ဟန်ပြမဟုတ်ဘဲ အမှန်တကယ် အပြန်အလှန် ထိန်းကျောင်းနိုင်ခြင်းတို့ ရှိမည်ဆိုပါက ဒီမိုကရေစီနိုင်ငံတစ်ခု၏ လွှတ် တော်ဟု ခေါ်ဆိုနိုင်လောက်မည်ဖြစ်ကြောင်း သိရသည်။ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင် စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ခဲ့ခြင်းသည် ထိရောက်မှုများစွာ ရှိနိုင် ပြီး မည်ကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ပြုလုပ်မည်ကိုလည်း ပြည်သူအများက စိတ်ဝင် စားလျက် ရှိနေသည်။
”ပြည်သူလူထုကိုအခြေပြုတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အစဉ်အမြဲ လမ်းဖွင့်ထားရမှာပါ။ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်း လဲမှုအတွက် အောက်ခြေကစပြီး အခြေခံကျကျ စတင်နိုင်ဖို့ အရေးကြီးတယ်။ လူထုကို တန်ဖိုးထားပြီး လူထုအားနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖန်တီးသွားကြဖို့ အရေးကြီးတယ်။ အုပ်ချုပ်ရေး ယန္တရားက ကိုလိုနီခေတ်ကနေစပြီး အုပ်စိုးသူ တွေရဲ့ အလိုအတိုင်း လိုက်ပါဖော်ဆောင်ခဲ့ရာမှာ အာဏာပိုင်အဖွဲ့အစည်း၊ အုပ်ချုပ်သူ လူတန်းစားဆိုပြီး အမြင်တွေရှိခဲ့တယ်။ ဒီကနေ့ ခေတ်မှာ ပြည်သူလူထုရဲ့ဝန်ကိုဆောင်ဖို့ လိုအပ်တာတွေ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ တာဝန်ရှိသူတွေအနေနဲ့ ကိုယ်တာဝန်ယူရာ ရပ်ကွက် ကျေးရွာအုပ်စု မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပြည်နယ်များရဲ့ ကောင်းရာကောင်းကျိုးကို သယ်ပိုးကာကွယ်ပေးရမှာပါ”ဟု ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ဆိုသည်။
ထို့ကြောင့် ယနေ့ကာလတွင် ပြည်သူအများ မျှော်လင့်နေသည်မှာ လူထုကို မျက်နှာမူပြီး အပြောင်းအလဲများကို ဖော်ဆောင်နိုင်သည့် ပြည်သူလူထု၏ လိုအပ်ချက်များကို အစဉ်အမြဲ ဖြည့်ဆည်းပေးနိုင်သည့် အုပ်ချုပ်ရေးစနစ်တစ်ခုပင် ဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ အနေနှင့် ပြည်သူများဘက်သို့ မျက်နှာမူသည့် ပြည်သူကို ဗဟိုပြုသည့်အုပ်ချုပ်ရေးစနစ်ဆီသို့ မည်သည့်ပုံစံဖြင့် ဆက်လက်ပြုပြင်ပြောင်းလဲ မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
အာကာထက်
#theyangontimes
Discussion about this post