ရန်ကုန်၊ မေ ၁၈
လူ့အခွင့်ရေးကော်မရှင်သို့ တိုင်ကြားစာများအနက် မြေယာဆိုင်ရာ တိုင်တန်းချက်မှာ အများဆုံးဖြစ် ပြီး ဒုတိယမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဆိုင် သော တိုင်တန်းချက်၊ တတိယမှာ တရား ရေးဆိုင်ရာ တိုင်တန်းချက်တို့ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောသည်။ မေ ၁၈ ရက် ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂ဝ၁၇ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ယင်းသို့တင် ပြခဲ့ခြင်းဖြစ်သည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ”၂ဝ၁၇ ခုနှစ်အတွင်းမှာ ဖြေရှင်းခဲ့တဲ့ တိုင်တန်းချက် ပေါင်း ၄၅၄ စောင်မှာ မြေယာနဲ့ဆိုင်တဲ့ တိုင်တန်းချက်က ၁၃၆ စောင်ရှိတဲ့အတွက် အများဆုံးဖြစ်တာ တွေ့ရပါတယ်။ တိုင်တန်းချက် စုစုပေါင်းရဲ့ ၃ဝ ရာခိုင်နှုန်းနီးပါးဟာ မြေယာကိစ္စတွေ ဖြစ်နေပါတယ်။ ရဲတပ်ဖွဲ့နဲ့ဆိုင်တဲ့ တိုင်တန်းချက်က ၇၁ စောင်ရှိတဲ့အတွက် ဒုတိယအများဆုံး ဖြစပြီး တရားရေးနဲ့ဆိုင်တဲ့ကိစ္စက ၄၁ စောင် ရှိတဲ့အတွက် တတိယ အများဆုံး ဖြစ်ပါတယ်”ဟု ဆိုသည်။ ၂ဝ၁၇ ခုနှစ်အတွင်း ကော်မရှင်ထံ တိုင်ကြားချက် ၁၁၂၅ စောင် လက်ခံရရှိ ခဲ့ပြီး ၄၅၄ မှုကို စိစစ်ခဲ့ကာ ၂၉၁ မှုကို သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းမေးမြန်း ခြင်း၊ ၁၃၇ မှုကို တိုင်တန်းသူများထံ ပြန် လည် အကြောင်းကြားခဲ့ကြောင်း၊ တိုင်ကြား မှု ၁၇ မှုအတွက် ကွင်းဆင်း စုံစမ်းခဲ့ကာ ကာယကံရှင်က အမှုရုပ်သိမ်းမှု သုံးမှုရှိ၊ မှတ်တမ်းတင်ထားမှု ခြောက်မှုရှိကြောင်း သိရသည်။
”ကွင်းဆင်းစုံစမ်းမှုများအနေဖြင့် ပြည်တွင်းတိုင်တန်းချက်များအနက် ၁၇ ကြိမ်၊ ပြည်ပတိုင်တန်းချက်အရ တစ်ကြိမ်၊ လူမှုကွန်ရက်သတင်းအရ ခြောက်ကြိမ်၊ ရခိုင်ပြည်နယ် မောင်တောဒေသသို့ ကွင်းဆင်း စစ်ဆေးခြင်း နှစ်ကြိမ် ပေါင်း ၂၆ ကြိမ် ဆောင်ရွက်ခဲ့ပါတယ်”ဟု ဦးဝင်းမြက ထပ်လောင်းပြောသည်။ ၂ဝ၁၇ ခုနှစ်အတွင်းမှာ အသိပညာ ပေး ဟောပြောပွဲများကို မြို့ပေါင်း ၁၈ မြို့ တွင် ဟောပြောခဲ့ပြီး ဟောပြောပွဲ တက် ရောက်သူဦးရေ လေးထောင်ကျော်နှင့် ပြည် ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၃၄ ဖွဲ့တို့ကိုလည်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ ပြီး တက်ရောက်သူ ၆၂၅၆ ဦးရှိခဲ့ကြောင်း သိရသည်။
”ဗထူးတပ်မြို့နဲ့ ဘုရင့်နောင်တပ်မြို့ မှာရှိတဲ့ တပ်မတော်(ကြည်း) တိုက်ခိုက်ရေး ကျောင်းကို သွားရောက်ပြီး ဗိုလ်ကြီးအဆင့် တက်ရောက်တဲ့ ခြေလျင်တပ်ခွဲမှူး သင်တန်းခြောက်ခု၊ ဗိုလ်မှူးအဆင့် တက် ရောက်တဲ့ ခြေလျင်တပ်ရင်းမှူး သင်တန်း ခြောက်ခု ပေါင်း ၁၂ ခုကို လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပို့ချခဲ့ပါတယ်”ဟု ဦးဝင်းမြကဆိုသည်။ ကလောမြို့တွင် ဖွင့်လှစ်ခဲ့သော ဒုတိယဗိုလ်မှူးကြီးများအဆင့် အရာရှိကြီးများ တက်ရောက်သော စစ်ဦးစီးတက္ကသိုလ်သင်တန်း၊ နေပြည်တော်မှာရှိသော ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများ တက်ရောက် သော နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သင်တန်းများကို သွားရောက်ပို့ချခဲ့ကြောင်း လည်းသိရသည်။
YM, MP
#democracytoday
Discussion about this post