ရန်ကုန်၊ မေ ၂၇
”မွန်အမျိုးသား ကိုယ်စားပြုပါတီ”ခေါင်းဆောင်ပိုင်းကို အကြံပေးအဖွဲ့မှဦးစီးကာ စိစစ် ရွေးချယ်မည်ဖြစ်ကြောင်းသိရသည်။ ”ဘယ်သူဦးဆောင်မယ်ဆိုတာ အကြံပေး၂၇ဦးက ဦးစီးပြီးတော့ အောက်ခြေအဆင့်ဆင့်ကနေ ပြန်ပြီးတော့ ရွေးချယ်သွားမှာပေါ့”ဟု ပါတီဖြစ်မြောက်ရေး တာဝန်ပေးအပ်ထားသည့် ၂၁ ဦးအဖွဲ့မှ ပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်နိုင်ဦးက မေ၂၆ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သာသနာ ၂၅ဝဝ ဘုန်းကြီးကျောင်းတွင် မေ ၁၂ ရက်မှ ၁၄ ရက်ထိ သုံးရက်တိုင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံမှ မွန်လူများအားကိုယ်စားပြုသည့် မွန်နိုင်ငံရေး ပါတီတစ်ရပ်ကို ခြောက်လအတွင်း တည်ထောင်သွားရန်ဆုံးဖြတ်ခဲ့သည်။ ယင်းညီလာခံတွင် မွန်သံဃာ တော်များ၊ မွန်နိုင်ငံရေးသမားများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် မွန်လူငယ်အဖွဲ့များ တက်ရောက်ဆွေး နွေးခဲ့ကြပြီး ပါတီဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းကို အတည်ပြုနိုင်ခဲ့ကာ ယင်းစည်းမျဉ်းအတိုင်း ပါတီတည် ထောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
ယင်းအပြင် ပါတီနာမည်ကို ”မွန်အမျိုးသားကိုယ်စားပြုပါတီ” ဟု ပထမဦးစားပေးအဖြစ် အတည်ပြုခဲ့ပြီး ပါတီအမှတ်တံဆိပ်၊ အလံတို့ ကိုလည်း အတည်ပြုခဲ့သည်။
”နာမည်တို့ ဘာတို့ရော၊ အခြားလိုဂိုတို့ ဘာတို့ရောကို ဒုတိယဦးစား ပေး၊ တတိယဦးစားပေးတွေလည်း လျာထားပါတယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။ ပါတီတည်ထောင်လိုသူများအဖြစ် ပါတီပေါ်ထွန်းရေးတာဝန်ပေး အပ်ထားသည့် (၂၁)ဦးအဖွဲ့မှ တာဝန်ယူသွားမည်ဖြစ်ပြီး ပါတီမှတ်ပုံတင်မည့်ရက်ကို ယင်း ၂၁ဦးအဖွဲ့နှင့် ပါတီအကြံပေးအဖွဲ့ ၂၇ဦးအဖွဲ့တို့ လာမည့်ဇွန်၃ရက်တွင် တွေ့ဆုံဆွေး နွေးဆုံးဖြတ်ကြမည်ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးကပြောသည်။ ”ဘယ်တော့ မှတ်ပုံတင်မယ်ဆိုတာကိုတော့ အဲဒီအစည်းအဝေးပြီး မှပဲ အတိအကျပြောလို့ရမယ်”ဟု ၎င်းကဆိုသည်။
၂၇ဦးပါဝင်သည့် အကြံပေးအဖွဲ့ကို အရပ်ဖက်အဖွဲ့အစည်းများ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဒုတိယအကြိမ်ညီလာခံမှ တာဝန်ပေးအပ်လိုက်ခြင်းဖြစ်သည်။ လက်ရှိတည်ရှိနေသည့် မွန်ပါတီနှစ်ခုဖြစ်သည့် မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ကိုပေါင်းစည်းရန် မွန်သံဃာတော်များ ဦးဆောင်သည့် ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့က စေ့ စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။
HWA
#democracytoday
Discussion about this post