HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရခိုင်အရေး ကိစ္စများကို ဖြေရှင်းရာတွင် နိုင်ငံရေး နည်းလမ်းမှတစ်ပါး အခြားမရှိကြောင်းနှင့် လူမျိုးရေးအသွင် ဆောင်လာမည်ကို စိုးရိမ် ဟုဆို

ရခိုင်အရေး ကိစ္စများကို ဖြေရှင်းရာတွင် နိုင်ငံရေး နည်းလမ်းမှတစ်ပါး အခြားမရှိကြောင်းနှင့် လူမျိုးရေးအသွင် ဆောင်လာမည်ကို စိုးရိမ် ဟုဆို

ရန်ကုန်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အရေးကိစ္စများနှင့် ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရာတွင် နိုင်ငံရေးနည်းလမ်းမှတစ်ပါး အခြားမရှိကြောင်းနှင့် ထိုပြဿနာများကို အခြေခံ၍ လူမျိုးရေးအသွင်ဆောင်လာမည်ကို စိုးရိမ် ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေရဲကင်းစခန်းများကို AA အဖွဲ့မှ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တာဝန်ရှိရဲဝန်ထမ်းများ ကျဆုံးခဲ့သည်။ ထိုအခြေအနေများနှင့်ပတ်သက်၍ အစိုးရ၏ ရှေ့ ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ သဘောထားများကို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက ပြောဆိုခဲ့ပြီးနောက်ပိုင်း ရခိုင်အဖွဲ့အစည်းအသီးသီးက အစိုးရ၏သဘောထားများကို ပြန်လည်တုံ့ပြန်မှုများရှိခဲ့ခြင်းဖြစ်သည်။

''ကျွန်တော် စိုးရိမ်တဲ့ကိစ္စက Identity Politic  တွေက တအားတက်လာပြီ။ တစ်ဖက် နဲ့တစ်ဖက် လူမျိုးရေးအသွင်ဆောင်လာမှာကိုတော့ ကျွန်တော် စိုးရိမ်တယ်။ အဲလိုမဖြစ် စေချင်ဘူး။ အဲဒီတော့ ဒီပြဿနာက ကျွန်တော် မြင်တာက ချင့်ချင့်ချိန်ချိန်နဲ့ စဉ်းစဉ်းစားစား ဖြေရှင်းရမယ့်ပြဿနာလို့ မြင်တယ်။ တစ်ဖက်နဲ့တစ်ဖက် စကားတွေ လွန်ဆွဲနေတာနဲ့ ကျွန် တော်တို့ တစ်ဖက်နဲ့တစ်ဖက် လူမျိုးရေးအသွင်ဘက်ရောက်သွားမှာကိုတော့ ကျွန်တော် မလိုလားဘူး၊ မဖြစ်စေချင်ဘူး''ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမြအေးက မှတ်ချက်ပြုပြောဆိုသည်။


အဆိုပါပြဿနာများအပါအဝင် ရခိုင် ပြည်နယ်အရေးကိစ္စများသည် နိုင်ငံတော်မှ လျှောက်လှမ်းနေသည့် ငြိမ်းချမ်းရေးခရီးလမ်း အတွက် အကျပ်အတည်းဖြစ်ပေါ်နိုင်သည့် အခြေအနေတစ်ရပ်သို့ ပြန်လည်ရောက်ရှိသွား နိုင်ကြောင်းလည်းသုံးသပ်သည်။ ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင် ရေးအတွက် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်များအနေဖြင့် အမြော်အမြင်ရှိရှိ ယုံကြည်မှုရှိရှိဖြင့် နိုင်ငံရေးနည်းလမ်းအရ ညှိနှိုင်း ဆွေးနွေးကာ အဖြေရှာသင့်ကြောင်း မြန်မာ့ နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည့် ဒေါက်တာ ရန်မျိုးသိမ်းကလည်း ထောက်ပြပြောဆိုသည်။


''ရခိုင်ပြည်နယ်အကျပ်အတည်းနဲ့ပတ် သက်ပြီးတော့ အစိုးရပိုင်းက ရှင်းလင်းပြောဆိုမှုတွေနဲ့ပတ်သက်ရင်လည်း အထောက်အထား ခိုင်ခိုင်မာမာရှိဖို့ လိုအပ်တယ်လို့ မြင်တယ်။စိုးရိမ်စရာကောင်းတာက အဲ့လိုစွပ်စွဲမှုတွေ၊ ထောက်ပြမှုတွေ၊ ပြောဆိုမှုတွေကို အကြောင်း ပြုပြီးတော့ တစ်ဖက်နဲ့တစ်ဖက်ကြားမှာ ယုံကြည်မှု၊ နားလည်မှု ကျဆင်းလာမယ်ဆိုရင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကြီးအတွက် အနှုတ်လက္ခဏာလို့ မြင်တယ်''ဟု ၎င်းက ပြောသည်။  ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် နှစ်ပေါင်း ၇ဝ ကျော်ကြာမြင့်ပြီဖြစ်သော ပြည်တွင်းစစ်၏ အတွေ့အကြုံများအရ လက်နက်ကိုင်နည်း လမ်းဖြင့် ဖြေရှင်း၍မရဘဲ တွေ့ဆုံညှိနှိုင်းသည့် နိုင်ငံရေးနည်းလမ်းကို လျှောက်လှမ်းသင့်ကြောင်း ပြည်သူ့ပါတီမှ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်ပြီး မြန်မာ့နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးများ ရေးသားနေသူတစ်ဦးဖြစ်သည့် ဦးရဲနိုင် အောင်(ခ)ကိုဝက သုံးသပ်ပြောကြားသည်။


''AA အဖွဲ့အနေနဲ့လဲ ကျွန်တော် တိုက်တွန်းချင်တာ သူတို့မူလရပ်တည်ချက်ဖြစ်တဲ့ နိုင်ငံရေးနည်းလမ်းအရ အဖြေရှာမယ်ဆိုတာကို ရပ်တည်သင့်တယ်။ ရခိုင်ပြည်နယ်သည် အစိုးရအတွက်ရော ကျွန်တော်တို့တိုင်းပြည် အတွက်ရော တကယ့်ကြီးမားတဲ့အခက်အခဲဖြစ် နေတယ်။ ကြီးမားတဲ့စိန်ခေါ်မှုပါ။ ဒါကို ဘယ်လို ကိုင်တွယ်မလဲ။ ရခိုင်ပြည်နယ်မှာ လက်ရှိအကျပ် အတည်းကနေထွက်ပေါက်ရဖို့ဆိုရင်ခုဖြစ် နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့လိုသလို တစ်ဖက်မှာလည်း ဘင်္ဂါလီတွေ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် တွေလဲ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့လိုတယ်။ ဒါက သံတမန်ရေးနည်းလမ်းရော နိုင်ငံရေးနည်းလမ်းရော သုံးပြီးဆောင်ရွက်ဖို့ လိုတယ်။ လက်ရှိအနေအထားမှာ အကုန်လုံးကို ချုံ့ပြောရင် ရခိုင်ပြဿနာကို တကယ် ပြေ လည်စေချင်ရင် ရခိုင်ပြည်သူတွေရဲ့ဘဝကို တကယ်တိုးတက်စေချင်တယ်ဆိုရင် နိုင်ငံရေး နည်းလမ်းမှတစ်ပါး အခြားမရှိဘူး''ဟု ၎င်းက မှတ်ချက်ပြုပြောဆိုသည်။

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top