HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေး သဘောတူညီချက်အတိုင်း ဆောင်ရွက်ရန်နှင့် စိစစ်ပြီး ပထမအသုတ် စာရင်းကို ပေးအပ်ခဲ့

နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေး သဘောတူညီချက်အတိုင်း ဆောင်ရွက်ရန်နှင့် စိစစ်ပြီး ပထမအသုတ် စာရင်းကို ပေးအပ်ခဲ့

ရန်ကုန်

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရာတွင် နှစ်နိုင်ငံသဘောတူညီချက်များ အတိုင်းဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာမည်ဆိုသည့် ကြေညာချက်ပါရှိရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံ အမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury ကို တွေ့ဆုံပြောကြားခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ ၈ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury တို့တွေ့ဆုံကာ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အမြဲတမ်းအတွင်းဝန်က ရခိုင်ပြည်နယ်၌ နေထိုင်ခဲ့သူများဖြစ်ကြောင်း စိစစ်ပြီးသည့် နေရပ်စွန့်ခွာသူ ၆ဝ၃ဦး၏စာရင်းကို ဘင်္ဂလား ဒေ့ရှ် သံအမတ်ကြီးအား ပေးအပ်ခဲ့သည်။ အဆိုပါစာရင်းမှာ ဒါကာမြို့တွင် ၂ဝ၁၈ခုနှစ် အောက်တိုဘာ ၃ဝ ရက်က ပြုလုပ်ခဲ့သည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးဆိုင်ရာ တတိယအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်း အစည်းအဝေးတွင် ဘင်္ဂလား ဒေ့ရှ်ဘက်မှ ပေးအပ်ခဲ့သည့် နေရပ်စွန့်ခွာ သွားသူ ၂၂၄၃၂ ဦးပါစာရင်းမှ ၂ဝ၁၈ ဒီဇင် ဘာ ၁၁ ရက်အထိ စစ်ဆေးအတည်ပြုပြီးသူများ၏ ပထမအသုတ်စာရင်းလည်းဖြစ်ကြောင်း သိရသည်။ 

 

စိစစ်ပြီးသူများအား ပြန်လည်လက်ခံ နိုင်ရေးအတွက် နှစ်နိုင်ငံအကြား သဘောတူ ညီထားသည့် သဘောတူညီချက်နှင့်အညီ သတ်မှတ်ပုံစံများတွင် ဓာတ်ပုံ၊ လက်မှတ်နှင့် သက်ဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်လျက် မြန်မာဘက်သို့ ပြန်လည်ပေးပို့သွားရန် လိုအပ်ကြောင်း အမြဲတမ်းအတွင်းဝန်က ပြောဆိုခဲ့သည်။ ထို့အပြင်နှစ်နိုင်ငံအကြား သဘောတူညီထားသည့် ပုံစံများတွင် ပါရှိထားသည့်အတိုင်း ၎င်းတို့၏ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်ခြင်းဖြစ်ကြောင်းနှင့် ပြန်လည်ဝင် ရောက်လာသူများအနေဖြင့် မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများကို လေးစားလိုက်နာမည် ဖြစ်ကြောင်း ကြေညာချက်ပါရှိရမည်ဖြစ်ဟုလည်း သတိထောက် ပြောကြားခဲ့သည်။


ထို့နောက် မြန်မာနိုင်ငံအနေဖြင့် တစ်ဖက်နိုင်ငံရောက် ဟိန္ဒူဘာသာဝင်များ အပါအဝင် စိစစ်ထားသည့် နေရပ်စွန့်ခွာသွားသူများအား ဆောလျင်စွာ ပြန်လည်လက်ခံနိုင် ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေး နွေးမှုများ ပြုလုပ်ခဲ့သည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသစ်အနေ ဖြင့် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များနှင့်အညီ လက်ခံရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်ရန် ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ယုံကြည်ကြောင်းနှင့် နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်းလည်း အသိပေးပြောကြားခဲ့သည်။  ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းကလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Ms. Rosario G.Manalo ဦးဆောင်သော လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) သည် လာရောက်တွေ့ဆုံ၍ ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကိုလည်း တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top