HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရိုက်တာ သတင်းထောက်နှစ်ဦး၏ အယူခံ တိုင်းတရားလွှတ်တော် ပလပ်

ရိုက်တာ သတင်းထောက်နှစ်ဦး၏ အယူခံ တိုင်းတရားလွှတ်တော် ပလပ်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦး၏ အယူခံကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ပလပ်လိုက်ပြီး အောက်တရားရုံး၏ အမိန့်ကို အတည်ပြုလိုက်သည်။ ဇန်နဝါရီ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ် တော်၌ အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်းထောက် နှစ်ဦး၏ရှေ့နေ၊ တရားလွှတ်တော်ရှေ့ နေ ဦးသန်းဇော်အောင်က '' တရားရုံးကတော့ ကျွန်တော်တို့အယူခံ တင်သွင်းတဲ့ အကြောင်းပြချက်တွေအပေါ်မှာ ထည့်သွင်းသုံးသပ် တာ မတွေ့ဘူး။ မူလရုံးရဲ့ အမိန့်စီရင်ချက်အတိုင်းပဲ။ ခုနစ်နှစ်ပေါ့။ မူလရုံးမှာ အမိန့်ချတဲ့အတိုင်းပါပဲ။ အယူခံလွှာကို ပလပ်တယ်ပေါ့။ စာရွက်စာတမ်းတွေတွေ့တယ်။ စာအုပ်ထဲမှာ AA အဖွဲ့အပါအဝင် အခြားအဖွဲ့တွေရဲ့ ဖုန်းနံပါတ်တွေ တွေ့တယ်။ ဒီစာရွက်စာတမ်းတွေ သာ အဲ့ဒီအဖွဲ့တွေဆီသာ ရောက်သွားမယ်ဆိုရင် နိုင်ငံတော်အကျိုး ပျက်စီးတယ်ဆိုပြီး သုံးသပ်တယ်။ အောက်ရုံးမှာရော အမှုစစ်ဆေး စဉ်တုန်းကရော ဖုန်းနံပါတ်တွေသည် နိုင်ငံတော်ကိုဆန့်ကျင်တဲ့ အဖွဲ့ တွေ ကိုင်တဲ့ဖုန်းနံပါတ်မှန်ကန်ပါတယ်ဆိုတာကို ဘယ်တရားလိုရော တရားလိုပြသက်သေတွေပါသက်သေမထွက်ဆိုနိုင်ခဲ့ဘူး''ဟု မီဒီယာ များကို ပြောသည်။


အယူခံကို ပလပ်ခြင်းဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း ၎င်းက ဆက်လက်ပြောသည်။ ''သတင်းထောက်တွေရဲ့သတင်းယူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်တွေ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စတွေအတွက်စိုးရိမ်စရာပါ''ဟု ၎င်းက ပြောသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံထပ်မံတက် ရောက်ရန်အတွက် ထောင်ဒဏ်ကျခံနေရသည့် ကာယကံရှင်သတင်း ထောက်နှစ်ဦး၊ ၎င်းတို့၏ မိသားစုဝင်များနှင့်တိုင်ပင်ကာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်း ဇော်အောင်က ပြောသည်။ ''အချိန်ကတော့ တစ်ဆင့်ချင်း စီမှာ အနည်းဆုံးနှစ်လလောက် ကြာသွားနိုင်တယ်။ ရက်ပေါင်း ၆ဝ အတွင်း ပြင်ဆင်ချက်တင်ရ မယ်''ဟု ၎င်းက ဆက်လက် ပြောသည်။


ထောင်ဒဏ်ကျနေသည့် သတင်းထောက် ကိုဝလုံးနှင့် ကိုကျော် စိုးဦးတို့ကို လာမည့်အပတ်အတွင်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အမိန့်ချမှုအပေါ် စိတ်မကောင်းဖြစ်မိကြောင်း သတင်းထောက် နှစ်ဦး၏မိသားစုဝင်များက ပြောသည်။  သတင်းထောက် ကိုဝလုံး၏ ဇနီးက''အားလုံးကတော့ အ ကောင်းဆုံးကို မျှော်လင့်ပြီးတော့ ရင်ခုန်နေတာပေါ့''ဟု မီဒီယာများ ကို ပြောသည် ရုံးချိန်းသို့ နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိသူများ၊ မိသားစု ဝင်များနှင့် မီဒီယာအများအပြား တက်ရောက်နားထောင်ခဲ့ကြသည်။


ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုဝလုံး(ခ) သက်ဦး မောင်နှင့်ကိုကျော်စိုးဦး(ခ)မိုးအောင်တို့နှစ်ဦးထံမှ ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်က ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့်စာရွက်စာ တမ်းများအပါအဝင် နိုင်ငံတော်၏ လျှို့ဝှက်စာရွက်စာတမ်းများ တွေ့ရှိသည်ဟုဆိုကာ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပ ဒေပုဒ်မ ၃(၁)(ဂ) ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲတင်ပြီး ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က ၎င်းတို့နှစ်ဦးကို ထောင် ဒဏ်ခုနစ် နှစ်စီကျခံစေရန် အမိန့်ချမှတ်ထားခြင်းဖြစ်သည်။ အမိန့်ချမှုအပေါ် ကျေနပ်မှုမရှိသဖြင့် သတင်းထောက်နှစ်ဦး ၏ရှေ့နေများက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်က အယူခံတင်ခဲ့ခြင်းဖြစ်သည်။

WYHW

#democracytoday

 

Rate this item
(0 votes)
back to top