HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဖက်ဒရယ်လား ၊ ကွန်ဖက်ဒရေးရှင်းလား  

ဖက်ဒရယ်လား ၊ ကွန်ဖက်ဒရေးရှင်းလား   

ချစ်မင်းထွန်း

မြန်မာနိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်မှာ နှစ်ပေါင်း ၇ဝ ကျော်လာခဲ့ပြီးဖြစ်သည်။ ထိုလက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းသည် နိုင်ငံရေးအရ သဘောထားများ ကွဲလွဲ ခြင်းနှင့်အတူ တန်းတူညီမျှအခွင့်အရေးများဆုံးရှုံးခြင်းတို့အပေါ် အခြေခံ၍ ပေါ်ပေါက်လာခဲ့သောအခြေအနေတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် (၂၁)ရာစုခေတ်သို့ ရောက်ရှိလာသည့်အချိန်တွင် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့သည် နိုင်ငံရေးကိစ္စကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာ အကောင်းဆုံးနည်းလမ်းဟု ယုံကြည် လက်ခံလာခဲ့ကြပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြပြီးဖြစ်သည်။

တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးအပါအဝင် လက်နက်ကိုင်တိုက်ပွဲများ ချုပ်ငြိမ်းရေးနှင့် တိုက်ပွဲအရှိန်လျှော့ချနိုင်ရေးတို့ကို ဖော် ဆောင်ပေးနိုင်မည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို အကောင်အထည်ဖော်၍ ဆောင်ရွက်လာခဲ့ကြသည်။ NCA စာချုပ်သည် နိုင်ငံရေးအရအဖြေရှာနိုင်ရန်အပါအဝင် တိုက်ပွဲများအဆုံးသတ်ရေး၊တိုက်ပွဲအရှိန်လျှော့ချနိုင်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြန်လည်ကုစားနိုင်ရေး၊ တန်းတူညီမျှအခွင့်အရေးများ ပြန်လည်ရရှိခံစားနိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံညီလာခံ ဖြစ်ပေါ်ရေး စသည့်အခြေအနေများကို ဖော်ဆောင်ပေး နေသည့်စာချုပ်ဖြစ်သည်။ ထိုအထဲမှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံညီလာခံသည် အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတစ်ခု ပေါ်ထွန်းလာရေး ဆွေးနွေးအဖြေရှာနေသည့် အမြင့်ဆုံးနိုင်ငံရေးဆွေးနွေးပွဲဖြစ်သည်။


လက်ရှိတွင် NCA မှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ် မြောက်ရေးအဖွဲ့-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်အဖွဲ့ (DKBA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး (LDU)တို့ လက်မှတ်ထိုး ထားသည်။


'ဝ'ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA/UWSP)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်အဖွဲ့-မိုင်းလားအဖွဲ့ (NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရက္ခိုင့်လက်နက်ကိုင်အဖွဲ့ (AA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ (MNDAA)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)၊ နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K)တို့သည် လက် မှတ်မထိုးကြသေးပေ။ ဤသို့ NCA စာချုပ်ကို လက်မှတ်ထိုး သည့်အဖွဲ့များနှင့် မထိုးသည့်အဖွဲ့များ ဖြစ်နေ ခြင်းကြောင့် အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအပါ အဝင် တိုက်ပွဲများ ရပ်တန့်ရေးနှင့် တိုက်ပွဲအရှိန် လျှော့ချရေးဆိုသည့်အခြေအနေမှာ ထင်သလောက် မဆောင်ရွက်နိုင်သေးဘဲဖြစ် နေသည်ကို တွေ့ရသည်။


သို့သော် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံ ကျင်းပခြင်းဖြင့် ဖက်ဒရယ်အခြေခံမူများ ရရှိ အောင် NCA လက်မှတ်ထိုးအဖွဲ့များ၊ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ စသည့် နယ်ပယ်စုံမှ ပုဂ္ဂိုလ်များ ၂ဝ၁၆ ခုနှစ်ကစတင်၍ အဖြေရှာနေကြပြီးဖြစ်သည်။ အဆိုပါပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီမှ ၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိဆိုလျှင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအမည်ဖြင့် တစ်ကြိမ်ကျင်းပထားပြီး ဖြစ်သကဲ့သို့ (၂၁)ရာစုပင်လုံညီလာခံအမည် ဖြင့် သုံးကြိမ်ကျင်းပထားပြီးဖြစ်ရာ ဖက်ဒရယ် အခြေခံမူ စုစုပေါင်း ၅၁ ချက်ကို ရရှိထားပြီး ဖြစ်သည်။


ထို့နောက် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလမှာ စတုတ္ထအကြိမ်ကို ကျင်းပသွားရန်နှင့် ၂ဝ၁၉ ခုနှစ်အတွင်းမှာလည်း ပဉ္စမအကြိမ်နှင့် ဆဋ္ဌမအကြိမ်တို့ကို ကျင်းပသွားမည်ဖြစ်ပြီး ၂ဝ၁၉ ခုနှစ်အတွင်း ဖက်ဒရယ်အခြေခံမူများ ရရှိအောင် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တို့က ၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် တတိယအကြိမ် ညီလာခံမှာ ပြောခဲ့ကြသည်။ ဤသို့ဆိုလျှင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးကို ဆောင်ရွက်နေကြသည်ဟု ယေဘုယျအားဖြင့် တွေ့နိုင်ပါသည်။


ဖက်ဒရယ်စနစ်ကို လက်ခံ၍ တောင်းဆို နေသော လက်နက်ကိုင်အဖွဲ့များလိုချင်သည့် ဖက်ဒရယ်သည် တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အာဏာခွဲဝေမှု(ဗဟိုနှင့်ပြည်နယ်ကြား ဘယ်အာဏာကို ခွဲဝေကျင့်သုံးမလဲ၊ ဘယ်အရာတွေကို ပူး ပေါင်းဆောင်ရွက်မလဲ)၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲပြဋ္ဌာန်းခွင့်ရရှိရေး၊ လူနည်းစုအခွင့်အရေး စသည့်အခြေခံမူများ ပါဝင်သည့် ဖက်ဒရယ်ဖြစ်သည်။ သို့သော် မရှင်းလင်းသည်မှာ လက်နက်ကိုင်အဖွဲ့များကြား မည်သည့်ဖက်ဒရယ်စနစ် ပုံစံမျိုးကို ဖော်ဆောင်ကြမလဲ၊ အပြင်ဖက်ဒရယ်စနစ်ကို လိုချင်သည့်အဖွဲ့များနှင့် ကွန်ဖက်ဒရေး ရှင်းစနစ်ကို လိုချင်သည့်အဖွဲ့ ကွဲလွဲနေခြင်းတို့ပင်ဖြစ်သည်။ NCA လက်မှတ်ထိုးအဖွဲ့များသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး ကြိုးပမ်းနေခြင်းကြောင့် ဖက်ဒရယ်ကို လိုလားသူများဖြစ်သည်ဟု ဆိုနိုင်သည်။ သို့ သော် ယနေ့တိုင် ဘုံသဘောထားရပ်တည် ချက်ဖြင့် မည်ကဲ့သို့သောဖက်ဒရယ်စနစ်မျိုးလည်း ဆိုခြင်းမှာ မသိရသေးပေ။


ထို့နောက် NCA လက်မှတ်မထိုးရသေးသည့် မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ဖြစ်သည့် UWSA, NDAA, KIA, SSPP, TNLA, MNDAA, AA  တို့သည် ကွန်ဖက်ဒရေးရှင်း ကို လိုလားသူများဖြစ်ကြောင်း တချို့ကဆိုနေ ကြပြန်သည်။ ထို့ပြင် NCA မထိုးရသေးသည့် KNPP နှင့် NSCN-K တို့မှာလည်း ဖက်ဒရယ်ကို လိုလားသူနှင့် ကွန်ဖက်ဒရေးရှင်းကို လိုလား သူဆိုပြီးတော့လည်း ဖြစ်နေပြန်သေးသည်။ ဤသို့ဆိုရခြင်းက NSCN-K သည် လုံးဝလွတ်လပ်ရေး(နာဂနိုင်ငံ ထူထောင်ရေး) ကိုသာ ပြောဆိုနေခြင်းကြောင့်ဖြစ်သလို KNPP  မှာမူ NCA  ထိုးထားသောအဖွဲ့များနှင့် သဘောထားတူညီပြီး NCA လမ်းကြောင်းအတိုင်းသာ သွားမည်ဖြစ်ပြီး လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်း နေသည့်အဖွဲ့ဖြစ်ခြင်းကြောင့်ဖြစ်သည်။


မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ဖြစ်သည့် UWSA, NDAA, KIA, SSPP, TNLA, MNDAA, AA တို့ကမူ ပြည် ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)ကို ဖွဲ့စည်း၍ အစိုးရ၊ တပ်မတော်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေကြသည်။ ထို FPNCC အဖွဲ့သည် NCA ကို လက်မခံကြောင်း၊ လက်မှတ်မထိုးနိုင်ကြောင်း ဆိုထားပြီး UWSA ဦးဆောင်ရေးဆွဲထားသည့် အပစ်ရပ်စာချုပ်နှင့် နိုင်ငံရေးစာတမ်းကို အစိုးရ၊ တပ်မတော်ထံ ပေးအပ်၍ ထိုစာတမ်းအတိုင်းသာ ဆွေးနွေးလိုကြောင်း FPNCC အဖွဲ့ဝင်များက ပြောထားသည်။ FPNCC စာတမ်းပါအချက်များသည် ဖက်ဒရယ်ထက်သာလွန်သည့် အခွင့်အာဏာခံစားခွင့်ရှိသော ကွန်ဖက်ဒရေးရှင်းဖြစ်နေ ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင် နေကြသော အသိုင်းအဝိုင်းကြား ပြောနေကြ သည်။


RCSS/SSA  မှ ဗိုလ်ချုပ်ကြီးယွက်စစ်က ''သူ့မူ ကိုယ့်မူ ရှိတာကတော့ သဘာဝတရားပါပဲ။ ဒါပေမဲ့ အဲဒီမူတွေအားလုံးကို စားပွဲ ပေါ်တင်ပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ ဆုံးဖြတ် ကြရမှာဖြစ်ပါတယ်။ မူတစ်ခုတည်းဖြစ်လာ အောင် ဆွေးနွေးရမှာပေါ့။ တစ်ဖက်နဲ့တစ်ဖက် အလျှော့အတင်းထားပြီးတော့ တွေ့ဆုံဆွေး နွေးကြရမယ်။ တစ်ဖက်ကပဲ နိုင့်ထက်စီးနင်းတဲ့ဆန္ဒနဲ့ ဆွေးနွေးတာမျိုး မဖြစ်သင့်ဘူး။ ဒါဆိုရင်တော့ ဆွေးနွေးလို့ရကြမှာမဟုတ်ဘူး''ဟု ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ဧရာဝတီမှာ ပြောထားသည်။ ဖက်ဒရယ်သည် ပေါင်းစည်းရေး၊ ပူးပေါင်း ဆောင်ရွက်ရေးနှင့် အမျိုးသားညီညွတ်ရေးကို ဦးတည်ရှေးရှုပြီး ကွန်ဖက်ဒရေးရှင်းသည် ပေါင်း စည်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အမျိုးသားညီညွတ်ရေးအပေါ် အားနည်းစေသည့်ဘက်ကို ဦးတည်ကြောင်း ဖက်ဒရယ်ပညာရှင်များက ဆိုကြသည်။


ဖက်ဒရယ်ဘိုးအေကြီးဟု တင်စားခံရ သော အမေရိကန်နိုင်ငံသည် ယခင်က ကွန်ဖက်ဒရေးရှင်းစနစ်ကို ကျင့်သုံးခဲ့သောနိုင်ငံ ဖြစ်ပြီး ၁၈၆၁ မှ ၁၈၆၅ ခုနှစ်အထိ တောင်ပိုင်းပြည်နယ်နှင့် မြောက်ပိုင်းပြည်နယ်အကြား စစ်ဖြစ်ခဲ့သည့်သင်ခန်းစာကိုရယူ၍ ဖက်ဒရယ် စနစ်ကို ပြောင်းလဲကျင့်သုံးလာခဲ့သောနိုင်ငံ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနှင့် မြောက်ပိုင်း စစ်ဖြစ်ရခြင်းသည် သမ္မတလင်ကွန်းလက်ထက်က လူမည်းကျွန်စနစ် ဖျက်သိမ်းကြောင်းဆိုခဲ့ရာ တောင်ပိုင်းပြည်နယ် (၁၁) ပြည်နယ် (ထိုစဉ်က အမေရိကန်မှာ ပြည်နယ် ပေါင်း ၃၄ ပြည်နယ်သာရှိ)က ကျွန်စနစ် ဆက်လက်ထားရှိရန်၊ ကျွန်စနစ် မဖျက်သိမ်းရန် ဆိုခဲ့ပြီးနောက် ခွဲထွက်ရေးကိုပါ တောင်းဆိုလာခဲ့ရာ မြောက်ပိုင်းပြည်နယ် (၂၄)ပြည်နယ်က ပြည်ထောင်စုအစိုးရဘက်မှ ရပ်တည်၍ ပေါင်းစည်းခြင်းကိုဆိုခဲ့ရာကနေ တောင်ပိုင်းနှင့် မြောက်ပိုင်း စစ်ဖြစ်ခဲ့ပြီးနောက် တောင်ပိုင်း စစ်ရှုံးသွား ခဲ့ခြင်းကြောင့်သာ ယနေ့ထိ အမေရိကန်ပြည် ထောင်စုအဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်သည်။


အမေရိကန်ပြည်ထောင်စု၏ ပြည်တွင်း စစ်အခြေအနေသည် ဖက်ဒရယ်စနစ်ကနေ အာဏာခွဲဝေပေးမှု အားနည်းသွားခြင်းနှင့် ဗဟို အစိုးရမှာ အားနည်းနေသွားသည့်အတွက် ပြည် နယ်များကို မကိုင်တွယ်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ရာ ဖက်ဒရယ်စနစ်ကိုသွားသည့်အခါမှာ လည်း အာဏာခွဲဝေမှုကိစ္စကို သေသေချာချာ ဆောင်ရွက်ရန် လိုအပ်ပေသည်။ ထို့ကြောင့် လက်နက်ကိုင်အဖွဲ့များအနေ ဖြင့် ဖက်ဒရယ်လား၊ ကွန်ဖက်ဒရေးရှင်းလား မည်သည့်အုပ်ချုပ်ပုံစနစ်ကို ဘုံသဘောတူညီ ချက်ယူ၍ အနာဂတ်နိုင်ငံသစ်ကို တည်ဆောက် ကြမလဲ ဆွေးနွေးဆုံးဖြတ်ရန် လိုအပ်နေသည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေပညာရှင် ဒေါက်တာငွန်ကျုံလျန်က ''ကျွန်တော်တို့ အခုချိန်မှာ ဝေဝေဝါးဝါးနဲ့ ဖက်ဒရယ်တော့လိုချင်တယ်၊ ဖက်ဒရယ်ကောင်းတာတော့သိတယ်၊ ဒါပေမဲ့ ဘယ်လိုကောင်းမလဲဆိုတာ မတူညီတဲ့ ယူဆချက်၊ တွေးခေါ်ချက်၊ နားလည်ချက်တွေရှိတယ်'' ဟု ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ဝ ရက် ဧရာဝတီမှာ ပြောထားသည်။ ဘုံသဘောတူညီချက်ရယူသည့်အခါမှာလည်း UWSA သည် လက်ရှိ ၎င်းတို့ရရှိ ခံစားနေရသော အခွင့်အာဏာနှင့် အခွင့်အရေး ထက် လျော့နည်းသွားစေမည့်အခြေအနေတစ် ရပ်ဖြစ်လျှင် လက်ခံနိုင်မည့်အခြေအနေ အလွန်နည်းပါသည့်အခင်းအကျင်းကိုလည်း ထည့်သွင်းစဉ်းစားထားရန် လိုအပ်သည်။


UWSA သည် လက်ရှိတွင် ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ အရ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင် မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်၊ ပန်ဆန်း(ပန်ခမ်း)မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ရရှိထားသည်။ ထိုဒေသတွင် ကိုယ်ပိုင်စစ်တပ်၊ ရဲ၊ တရား ရေးဌာန၊ အကောက်ခွန်ဌာန၊ လဝကဌာန စသဖြင့်ပါဝင်သော ကိုယ်ပိုင်အစိုးရတစ်ရပ်ကို ဖွဲ့စည်း၍ အုပ်ချုပ်လျက်ရှိပြီး တရုတ်စကား ကို ရုံးသုံးဘာသာအဖြစ် ထားရှိ၍ တရုတ်ငွေ ကြေးကို အဓိကသုံးစွဲနေကြသလို တရုတ်စာကို သင်ကြားလျက်ရှိ(ဗမာစာကိုလည်း သင်ကြားမှုရှိ)သည်။


ထို့ပြင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး တရုတ်အစိုးရအကူအညီဖြင့် ဆောင်ရွက်ထားကာ နေပြည်တော်အစိုးရ(ဗဟိုအစိုးရ)နှင့် ဆက်ဆံမှုမှာ အလွန်နည်းပါးလှသည်။ ထိုအချက်ကလည်း နေပြည်တော်အစိုးရ၏ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်သည်။ အဆိုပါအခြေအနေများကြောင့် မြန်မာ့လက်နက်ကိုင်အရေးကျွမ်းကျင်သူ ဘာတေး လင့်တနာက 'ဝ'ဒေသသည် တရုတ်နိုင်ငံအတွက် ဒုတိယ ခရိုင်းမီးယား(ယူကရိန်းနိုင်ငံပိုင်ကနေ ရုရှားက ၂ဝ၁၄ မှာ သိမ်းပိုက်သွားတဲ့ ဒေသ)လားဆိုပြီး ရေးသားမှုများရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်(၂ဝ၁၇ ခုနှစ်) ဒီဇင်ဘာ ၁ ရက်က 'ဝ'ဒေသမှာ မူးယစ်ဆေးဝါး ပပျောက် ရေးအတွက် ယူနန်အစိုးရ(တရုတ်)သည် မြန်မာအစိုးရ(နေပြည်တော်အစိုးရ)နှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခြင်း၊ စာချုပ်ချုပ်ခြင်းမလုပ်ဘဲ 'ဝ'အစိုးရ UWSA ခေါင်းဆောင်များဖြင့်သာ ဆွေးနွေးပြီး စာချုပ်ချုပ်ခဲ့ခြင်းကြောင့် UWSA အပေါ် ဝေဖန်မှုများထွက်ပေါ်ခဲ့သလို ဗဟို အစိုးရ၏ အခွင့်အာဏာအပေါ်မှာလည်း မေးခွန်းထုတ်ခဲ့ကြဖူးသည်။


နေပြည်တော်အစိုးရ(ဗဟိုအစိုးရ)သည် အဆိုပါအခြေအနေများနှင့်ပတ်သက်ပြီး ကိုင်တွယ်နိုင်ခြင်းမရှိခဲ့သလို တစ်စုံတစ်ရာ ပူးပေါင်း ဆောင်ရွက်နိုင်သည့်အခြေအနေတစ်ရပ်ဖြစ်လာအောင် မဖန်တီးနိုင်သေးဘဲဖြစ်နေသည်။ ဤကဲ့သို့သောအခြေအနေများသည် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ လိုလားသော ဖက်ဒရယ်ထက် သာလွန်၍ အခွင့်အာဏာရှိသည့် ကွန်ဖက်ဒရေးရှင်း ဖြစ်နေခြင်းကြောင့် လက်နက်ကိုင်အဖွဲ့များ အကြား အရင်ဦးဆုံး ဘုံသဘောတူညီချက် တစ်ခုကို ညှိနှိုင်းရန် လိုအပ်နေခြင်းဖြစ်သည်ဟု ထောက်ပြကြခြင်းဖြစ်သည်။ အလားတူ အစိုးရနှင့် တပ်မတော်ဘက် ကလည်း အင်အားကြီးသူကို အခွင့်အရေးနှင့် စီမံခန့်ခွဲအုပ်ချုပ်ခွင့် ပိုမိုပေးအပ်ပြီး အင်အား နည်းသူအား အခွင့်အရေးနှင့် စီမံခန့်ခွဲအုပ်ချုပ်ခွင့် လျှော့ပေါ့ပေးခြင်းများ ဖြစ်နေခြင်းအပေါ် သတိထားစေ့စပ်ညှိနှိုင်းရန်လည်းလိုအပ်သည်။

 

UWSA ဦးဆောင်ရေးဆွဲထားသည့် FPNCC စာတမ်းပါအချက်များသည် လက်ရှိ UWSA ရရှိနေသောအခြေအနေထက် ပိုမိုသာလွန်သောအခြေအနေတစ်ရပ်ပင် ဖြစ်နေ သေးသည့်အတွက် အစိုးရ၊ တပ်မတော်ဘက်က တိုင်းရင်းသားများ၏ တောင်းဆိုချက်များသည် ဖက်ဒရယ်မှ ကွန်ဖက်ဒရေးရှင်းအဆင့် ဖြစ်သွားမှာကို စိုးရိမ်နေနိုင်သည်။ FPNCC သည် NCA စာချုပ်ကို လက်မှတ်မထိုးဘဲ ၎င်းတို့ရေးဆွဲထားသည့် အပစ်ရပ်စာချုပ်နှင့် နိုင်ငံရေးဆွေးနွေးမည့် အခြေခံမူများဖြင့်သာ အစိုးရနှင့်တပ်မတော်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုသောဆန္ဒရှိနေသည်။ FPNCC စာတမ်းတွင် FPNCC အဖွဲ့ များနှင့် နေပြည်တော်အစိုးရ(ဗဟိုအစိုးရ)ကြား အပစ်အခတ်ရပ်စဲရေးလက်မှတ် ထိုးပြီးပါက အပစ်ရပ်သတ်မှတ်နယ်နိမိတ်စည်းကြောင်း ဆွဲရန်၊ သတ်မှတ်ထားသည့်နေရာတွင် အမှတ်အသားများ စိုက်ထူကြရန်၊ နယ်နိမိတ်စည်း သတ်မှတ်ပြီးပါက တစ်ဖက်၏ နယ်မြေထဲသို့ တစ်ဖက်ကကျော်ပြီး ဝေဟင်၊ မြေပြင်၊ ရေပြင် အပါအဝင် ထောက်လှမ်းခြင်း၊ မိုင်းထောင်ခြင်း၊ ဖျက်ဆီးခြင်း၊ နယ်မြေလုခြင်းနှင့် ထိုးစစ်ဆင် ခြင်း စသည့်စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်ရန် တို့ပါသည်။


ထို့ပြင် အပစ်ရပ်သတ်မှတ်နယ်နိမိတ်စည်း၏ နှစ်ကီလိုမီတာအတွင်း တပ်စခန်းများ ခိုင်ခံ့အောင်ပြုပြင်မှုကိုလည်း အပြန်အလှန်တားမြစ်ခွင့်မရှိဟုလည်း ဆိုထားသကဲ့သို့ အပစ်ရပ်သတ်မှတ်စည်း၏ ၅ ကီလိုမီတာအတွင်းမှာ ဟောင်ဝစ်ဇာအမြောက်များ၊ စိန်ပြောင်းများ၊ ၁ဝ၅ မမအထက်ဗျူဟာမြောက်လက်နက်ကြီးများ တပ်ဆင်ထားပါက အားလုံး ဖြုတ်ချ ပေးရန်နှင့် လက်နက်ကြီးများ တပ်ဆင်ထားပါက နှစ်ဖက်ဆွေးနွေးညှိနှိုင်းသဘောတူသည့် အချိန်ကာလအတွင်းမှာပဲ ဖြုတ်သိမ်းပေးရန်ဆိုသောအချက်များလည်းပါဝင်သည်။ အလား တူ လက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေးမှုများ မပြီးဆုံးခင် စစ်ဘက်ဆိုင်ရာ သဘောတူညီမှုများကို တစ်ဖက်ဖက်က ချိုး ဖောက်ခဲ့လျှင် စာချုပ်သည် အလိုအလျောက် ပျက်ပြယ်သည်ဆိုသောအချက်ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ ထိုစာတမ်းကို FPNCC  အဖွဲ့ဝင်အများစုက ထောက်ခံမှုရှိကြသည်။ ဤစာတမ်းသည် ကွန်ဖက်ဒရေးရှင်းအဆင့်ကို ရောက်ရှိနေသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ တချို့ကလည်း ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ သေချာသည်မှာ အစိုးရနှင့် တပ်မတော်သည် ဖက်ဒရယ်ကိုသာ လက်ခံနိုင်ခြေရှိပြီး ကွန်ဖက်ဒရေးရှင်းကိုတော့ လက်ခံနိုင်ခြေမရှိပေ။


အထူးသဖြင့် တပ်မတော်သည် ကွန်ဖက်ဒရေးရှင်းဘက်ကို ဦးတည်လာနိုင်သည့် ဖက်ဒရယ်အခြေခံမူများ ရရှိရေး ဆွေးနွေးမှုများကို သတိကြီးကြီးထား၍ ဆွေးနွေးနေခြင်းကို လေ့လာကြည့်ပါက ကွန်ဖက်ဒရေးရှင်းဖြစ်လာမည်ကို စိုးရိမ်နေကြောင်း တွေ့နိုင်သည်။ တပ်မတော်သည် ကွန်ဖက်ဒရေးရှင်း အဆင့်ကိုလည်း ရောက်ရှိခံမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဆိုဗီယက်ပြည် ထောင်စုနှင့် ယူဂိုဆလာဗီးယားနိုင်ငံတို့ ပြိုကွဲသွားခြင်းသည် ဖက်ဒရယ်စနစ်ကြောင့်မဟုတ်ဘဲ ကွန်ဖက်ဒရေးရှင်းအဆင့်အထိ ရောက်ရှိသွား ခြင်းကြောင့်ဖြစ်သည်ကို သာဓကရှိထားရာ ဖက်ဒရယ်တည်ဆောက်ရေး ဆွေးနွေးမှုအ ပေါ် အလွန်သတိထားဆွေးနွေးနေခြင်းဖြစ် နိုင်သည်။


ဖက်ဒရယ်စနစ်မဟုတ်ဘဲ ကွန်ဖက်ဒရေး ရှင်းစနစ်ဘက်သို့ ရောက်ရှိသွားလျှင် မြန်မာ နိုင်ငံရှိ စစ်ဘုရင်ဝါဒီ ထွန်းကားနေခြင်းကို ပိုမိုအသက်သွင်းပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်ပါ သည်။ ဖက်ဒရယ်ဘိုးအေကြီးဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏ ပြည်တွင်းစစ်ကလည်း ဖက်ဒရယ်စနစ် ကျင့်သုံးရန် ဆောင်ရွက်နေခြင်းအပေါ် အလွန်သတိထားဆောင်ရွက်ရန် သင်ခန်းစာပေးထားသည့်အတွက် အစိုးရနှင့် တပ်မတော်သည် စိုးရိမ်စိတ်များ ရှိနေနိုင်သည်။ ထို့ကြောင့် ဖက်ဒရယ်တည်ဆောက်ရေး ဆွေးနွေးရာမှာ တပ်မတော်သည် နိုင်ငံတော်၏ မည်သည့်အစိတ်အပိုင်းကမှ ခွဲထွက်ခွင့် မပြုလုပ်ပါဆိုသောကတိကို လက်နက်ကိုင်အဖွဲ့ များဘက်မှ ထည့်သွင်းပေးရန် တောင်းဆိုနေ ခြင်းလည်း ဖြစ်နိုင်သည်။ UWSA ကတော့ မိမိတို့အနေဖြင့် မြန်မာနိုင်ငံမှ မည်သည့်အချိန်မှ ခွဲထွက်မည်မဟုတ်ကြောင်း ပြောထားသည်။


ဖက်ဒရယ်တည်ဆောက်ရေး ဆွေးနွေး နေသော လက်နက်ကိုင်တချို့ဘက်ကတော့ ဒို့တာဝန်အရေးသုံးပါးကို လက်ခံထားခြင်း ကြောင့် ခွဲထွက်ခွင့်မပြုလုပ်ပါဆိုသောကတိကို ထည့်ပေးရန် တောင်းဆိုမှု မလိုကြောင်း ဆိုကြသည်။ မည်သို့ပင်ဆိုစေ လက်နက်ကိုင်အဖွဲ့ များအကြား အနာဂတ်နိုင်ငံသစ် တည်ဆောက် ရေးအတွက် ဘုံသဘောတူညီချက်များ ရယူ ထားနိုင်ခြင်းမရှိလျှင် လက်နက်ကိုင်တိုက်ပွဲများ ချုပ်ငြိမ်းရေးနှင့် အားလုံးတန်းတူညီမျှမှုရှိသည့် အနာဂတ်နိုင်ငံသစ် တည်ဆောက်ရေး အားနည်းသွားစေနိုင်သလို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ်မှာလည်း အားနည်းသွားစေနိုင်ကြောင်း သတိထား၍ ကြိုးပမ်းရန် လိုအပ်သည်။  ထို့ပြင် အမျိုးသားရေးကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို မတည်ဆောက်မိစေရန်လည်း အထူးသတိထားရန် လိုအပ်ပေသည်။ 

 

ချစ်မင်းထွန်း

#democracytoday

Rate this item
(0 votes)
back to top