HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရင်ကြားစေ့ အလွဲခေတ်

ရင်ကြားစေ့ အလွဲခေတ်

မြတ်လှိုင်း

×××××××××

ကျွန်တော်တို့မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်ပြီး ဒီမိုကရေစီစနစ် စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားနေရတယ်ဆိုတာ အားလုံးသိကြပါတယ်။ စစ်အာဏာရှင်စနစ် ကြီးစိုးတဲ့ခေတ်ကာလတော်တော်များများမှာ ပြည်သူတစ်ရပ်လုံး ဖိနှိပ်ခြင်း တွေကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ခံခဲ့ရပါတယ်။ ဒါတွေတင်မကသေးပါဘူး၊ တိုင်း ပြည်တစ်ခုလုံးကို စိတ်ကြိုက်ချယ်လှယ်ခြင်းကို ''မြင်နေသော်လည်း မျက်စိဖွင့်မကြည့်ရဲသလို၊ ကြားနေသော်လည်း နားပိတ်ထားခံနေရသလို၊ ပြောချင်နေသော်လည်း ပါးစပ်အပိတ် ခံထားရသလို'' ပြည်သူတွေ နေခဲ့ရပါတယ်။ တိုင်းပြည်မှာ ပြည်သူတွေ ဆင်းရဲတွင်းထဲမှ ခေါင်းမဖော်နိုင်အောင် နစ်နေခဲ့ပေမယ့် စစ်အာဏာရှင်တွေက လောဘဇောမသတ်နိုင် အောင်ချမ်းသာခဲ့ကြပါတယ်။

သူတို့ကန့်လန့်ကာနောက်ကွယ်မှာ လုံခြုံမှုရပြီး အေးအေးလူလူနေထိုင်နိုင်ဖို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ရေးဆွဲပြဋ္ဌာန်း ခဲ့ပြီးမှ ဒီမိုကရေစီအတုခေတ်တစ်ခုကို ဖန်တီး ပေးခဲ့ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ခိုင်မာမှု ရှိ၊ မရှိ စမ်းသပ်နိုင်အောင်လို့ စစ် အာဏာရှင်ဗိုလ်ချုပ်တွေကို အရပ်ဝတ်ပြောင်း ဝတ်ခိုင်းပြီး တိုင်းပြည်ရဲ့ အာဏာသုံးရပ်စလုံးမှာ နေရာတွေ အပြည့်ပေးထားခဲ့ပါတယ်။ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲဟာ သူတို့ရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေခိုင်မာမှုကို စမ်းသပ်တဲ့ပွဲပါ။ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ဒီမိုကရေစီဘက်တော်သား အတိုက်အခံအားလုံးနီးပါးကို ထောင်ထဲထည့်ပြီး ကျင်းပခဲ့တဲ့ရွေးကောက်ပွဲပါ။ ၂ဝ၁၁ ကျမှ ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အကြိမ်ကြိမ် ခေါ်ယူဆွေးနွေးညှိနှိုင်း ပြီးမှ နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့ပါတယ်။ ဒီမိုကရေစီအတိုက်အခံခေါင်းဆောင် တွေကိုလည်း ထောင်ထဲကနေ လွှတ်ပေးခဲ့ပါ တယ်။


၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကြွေးကြော်သံနဲ့ ရွေး ကောက်ပွဲကိုဝင်ခဲ့တဲ့ ဒီမိုကရေစီအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ အနိုင်ရခဲ့ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်အနိုင်ရပြီး လွှတ်တော် အသီးသီးနဲ့ အစိုးရနေရာများစွာကို ရယူနိုင်ခဲ့ပါတယ်။ ဒါဆိုရင်..ဒီမိုကရေစီစနစ်ကိုအကောင်အထည်ဖော်နိုင်ပြီလားလို့ မေးရင် ..ငြင်းဆန်ရမှာပါ။ ခိုင်မာမှု ရှိ၊ မရှိ စမ်းသပ်ခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာယူခဲ့ရတဲ့ နိုင်ငံရေးအာဏာအတုကို ဒေါ် အောင်ဆန်းစုကြည်ရခဲ့တာပါ။ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ က ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်နိုင်ဖို့အတွက် 'အမျိုးသားပြန်လည်သင့် မြတ်ရေး'ဆိုတာ အရေးတကြီးလိုအပ်နေတဲ့ အနေအထားကို ရောက်ခဲ့ရပါတယ်။ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ ကိုင်စွဲထားတဲ့ သင်ပုန်းချေရေးနဲ့ ရင်ကြားစေ့ ရေးက အဓိကကျနေပါတယ်။


ဘယ်သူတွေကို သင်ပုန်းချေရမလဲ

========================

ဒီအကြောင်းအရာကတော့ ရှင်းပါတယ်။ ပြည်သူတွေအနေနဲ့တော့ သူတို့ကို ဖိနှိပ်နည်းပေါင်းစုံသုံး၊ ပြည်သူ တွေနဲ့ တိုင်းပြည်ကို ဆင်းရဲတွင်းထဲက မထွက်နိုင်အောင်လုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေကို လက်စားချေချင်ကြမှာပါပဲ။ ဒါပေမဲ့ အခုအချိန်က စစ်အာဏာရှင်လောင်းရိပ်အောက်က မထွက်နိုင်သေးတာရယ်၊ ပြည်သူတွေ ယုံကြည်ကိုးစားခဲ့ကြတဲ့ ဒီမိုကရေစီအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုင်စွဲထားတဲ့ သင်ပုန်းချေရေးမူအပေါ်မှာ ယုံကြည် လေးစားတာရယ်ကြောင့် ပြည်သူတွေရင်ထဲမှာ မကျေနပ်ပေမယ့် ဒီသင်ပုန်းချေရေးကို လိုက်နာနေခဲ့ပါတယ်။ စစ်အာဏာရှင်တွေကို ခွင့်လွှတ်လို့ရနိုင်ပေမယ့် မေ့လို့တော့မရနိုင်ခဲ့ပါဘူး။


ဘယ်သူတွေနဲ့ ရင်ကြားစေ့ရမလဲ

======================
ဒီအကြောင်းအရာက အလွန်အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံဟာ စစ်အာဏာရှင်အဖြစ်ကနေ လွတ်မြောက်လာတယ်ပဲဆိုဆို၊ စစ်အာဏာရှင် အရိပ်မည်းကြီးအောက်ကနေ မလွတ်သေးဘူးပဲဆိုဆို၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလကိုရောက်အောင် ဖန်တီးနိုင်တဲ့လမ်းစ ပေါ် ရောက်နေပါပြီ။ ဒီလမ်းပေါ် လျှောက်လှမ်း နိုင်ရန် ဒီမိုကရေစီဘက်တော်သားခေါင်းဆောင် တွေ၊ ဒီမိုကရေစီလိုလားသူတွေအတွက် ဖန်တီးယူနိုင်မယ့် အခြေခံအဆောက်အအုံတွေ ရှိနေပါပြီ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်း ပေါ် ခြေချနိုင်ခဲ့ပါပြီ။ လိုအပ်တဲ့အခြေခံအ ဆောက်အအုံ တွေဖြစ်တဲ့ ပြည် သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်နဲ့ ပြည် ထောင်စုအစိုးရတွေ ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီအင်အားစုကို အခြေတည် ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးကို ဖော်ဆောင်ရမှာပါ။


ကျွန်တော်တို့နိုင်ငံအခြေအနေကို ပြန် ကြည့်မယ်ဆိုရင် တိုင်းပြည်တစ်ခု ပြန်လည် တည်ဆောက်ရေးမှာ အရေးပါနေတဲ့ အင်အားစုသုံးခုရှိနေပါတယ်။ တိုင်းရင်းသားပြည်သူ တွေ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ပြည်သူတွေကို ဦးဆောင်နေသူ၊ ဦးဆောင် နိုင်စွမ်းရှိသူ၊ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အာဏာရ အင်န်အယ်လ်ဒီပါတီ၊ လွှတ်တော်နှစ်ရပ်နဲ့ ပြည် ထောင်စုအဆင့်တာဝန်ယူထားကြတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်။ နောက် လက်ရှိ တိုင်းပြည် ကာကွယ်ရေး၊ ပြည်ထဲရေး စတဲ့အရေးကြီး နေရာတွေယူထားကြတဲ့ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နဲ့ လက်ရှိတပ်မတော်ခေါင်းဆောင်များ၊ ပြီးတော့ မြန်မာနိုင်ငံတွင်းမှာ ကာလရှည် ဖြစ်နေတဲ့ထဲမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ၊ ဒီအင်အားစုသုံးစုရဲ့ ရင်ကြားစေ့နိုင်ဖို့ အရေး ကြီးပါတယ်။


အဓိကကျတဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ပြည်သူကိုယ်စားပြုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကိုယ်စားပြုခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်(များ)ရဲ့ ကွဲပြားနေတဲ့ နိုင်ငံရေးအယူအဆတွေ၊ တိုင်း ပြည်ပြန်တည်ဆောက်ရေး မတူညီမှုတွေ၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတွေအတွက် ရင်ကြားစေ့ရေးစွမ်းဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ အခု တိုင်းပြည်အတွက်လိုအပ်နေတဲ့ အင်အားစုတွေထဲမှာ အရင်က စစ်အာဏာရှင် ဟောင်းတွေ မပါပါဘူး။ ပါဖို့အတွက်လည်း မလိုအပ်တော့ပါဘူး။ ဒီစစ်အာဏာရှင်ဟောင်း တွေရဲ့ ဖိနှိမ်ခံခဲ့ရတဲ့ပြည်သူတွေက ပြန်လက် စားမချေဘဲ သင်ပုန်းချေလိုက်မယ်ဆိုရင် လုံ လောက်တဲ့အနေအထားကို ရပါပြီ။


ကန်တော့ခံစာရေးဆရာ အတု၊ အစစ်နဲ့ ကန်တော့သူပြဿနာ

=========================================
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ရန်ကုန် မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ နိုင်ငံစာရေးဆရာအသင်းရဲ့ သက်ကြီး စာပေပညာရှင်ကြီးများကန်တော့ပွဲမှာ ကန်တော့ခံ သက်ကြီးစာပေပညာရှင် တစ်ယောက်အနေနဲ့ တက်ရောက်ပြီး ကန် တော့ခံခဲ့တဲ့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ် ခင်ညွန့် ပါဝင်ခဲ့တာကို ပြည်သူတွေ၊ မီဒီယာ တွေ၊ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ က ဝေဖန်ရှုတ်ချခဲ့တဲ့အခြေအနေတစ်ခု ပေါ် ပေါက်ခဲ့ပါတယ်။ ဒီနေရာမှာ စစ်အာဏာရှင် ဟောင်း ဗိုလ်ချုပ်ခင်ညွန့်ကို သူဖိနှိမ်တာခံခဲ့ ရတဲ့ပြည်သူတွေ မကျေနပ်နိုင်သေးတာ ပိုပြီး သိသာထင်ရှားလာပါတယ်။ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကို ပျက်စီးသွားအောင် ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တဲ့လုပ်ရပ်တွေကို ပြည်သူတွေ မမေ့နိုင်သေးဘူး၊ ဆိုတော့ အဲဒီကန်တော့ခံပွဲမှာ တက်ရောက်ကန်တော့ခံတဲ့ အတွက် ဆူညံပေါက်ကွဲသံတွေ မြည်ဟီးထ ကုန်ပါတယ်။ သူရေးတဲ့စာအုပ်ကလည်း ရှစ် လေးလုံးဒီမိုကရေစီပြည်သူ့အရေးတော်ပုံကြီးကို မင်းမဲ့စရိုက်ဖြစ်အောင် လုပ်ကြံရေးသွား ခဲ့တာကြောင့် သူ့ကို စာရေးဆရာအဖြစ် မသတ်မှတ်နိုင်ကြပါဘူး။ သူ့ကို ပြည်သူတွေအမြင်မှာ စစ်အာဏာနဲ့ တိုင်းပြည်ကို နင်းချေဖျက်ဆီးတဲ့ လူအဖြစ်ပဲ မြင်နေကြမှာပါ။ ပြောရမယ်ဆိုရင် ၈၈ မျိုးဆက်တစ်ဆက်လုံးကို အပြတ်ဖြတ်ခဲ့တဲ့သူလို့ မြင်နေကြမှာပါ။ ကျွန်တော် ပြောချင်တာက အခုဒီမိုကရေစီစနစ် အသွင်ကူး ပြောင်းရေးကာလ အမျိုးသားပြန်လည်သင့် မြတ်ရေး(ရင်ကြားစေ့ရေး)ထဲမှာ စစ်အာဏာ ရှင်ဟောင်းတွေ မပါပါဘူး။ အမျိုးသားပြန် လည်သင့်မြတ်ရေးစည်းအတွင်းမှာ စစ်အာဏာ ရှင်တွေ ပါလာမယ်ဆိုရင်လည်း ပြည်သူတွေ က လက်ခံမှာမဟုတ်ပါဘူး။


၈၈ မျိုးဆက်တွေကို အပြတ်သားဆုံးဖြိုခွဲခဲ့တဲ့လုပ်ရပ်ကိုအခုလို ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်နဲ့ အရပ်သားအစိုးရ အင်အားချိနဲ့နေရတာကို ပြန်ကြည့်ရင်သိနိုင်ပါတယ်။ ကျွန်တော်တို့ အံ့သြနေတာ ဒါတင်မကပါဘူး။ ကန်တော့ခံဖြစ်ခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ခင်ညွန့်ကို ကန်တော့သူဖြစ်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်း (လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်)အနေ နဲ့ သင်ပုန်းချေရေးလို့ တစ်ခုထဲပြောရင် ကျေနပ်နိုင်ကြမှာပါ။ အမျိုးသားပြန်လည်သင့်မြတ် ရေးနဲ့ ရင်ကြားစေ့ရေးအတွက်ပါလို့ ပြောလိုက် တဲ့အပေါ်မှာတော့ ပြည်သူတွေအနေနဲ့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဒီလိုစစ်အာဏာ ရှင်ဟောင်းနဲ့ ရင်ကြားစေ့ရေးတလွဲကို လက်ခံကိုင်စွဲထားမယ်ဆိုရင် ပြည်သူတွေကို ဦးဆောင် နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာရအင်န်အယ်ဒီပါတီကို အနည်းနဲ့အများဆိုသလို ထိခိုက်စေနိုင်ပါတယ်။

မြတ်လှိုင်း
#democracytoday

Rate this item
(0 votes)
back to top