HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

သူဌေးဖြစ်ချင်သူများ နိုင်ငံရေးသမား မလုပ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား  

သူဌေးဖြစ်ချင်သူများ နိုင်ငံရေးသမား မလုပ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား   

ရန်ကုန်၊ ဇန်နဝါရီ ၂၁ 

သူဌေးဖြစ်ချင်သူများ နိုင်ငံရေးသမားမလုပ်ရန် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်သည်။ ဇန်နဝါရီ ၂၁ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချင်းပြည်နယ်၊ ဟားခါးကောလိပ်အတွင်း ကျောင်းသားတစ်ဦးအား ဘာလုပ်ချင်သလဲဟုမေးခဲ့ရာ အဆိုပါကျောင်းသားက နိုင်ငံရေး လုပ်ချင်သည်ဟုပြောကြောင်း၊ ယင်းအ ပေါ် ဒေါ်အောင်ဆန်းစုကြည်က အထက် ပါအတိုင်းပြန်လည်မှာကြားခဲ့ကြောင်း သိရသည်။

''နိုင်ငံရေးလုပ်ချင်တယ်ဆိုလို့ရှိရင် ဖြောင့်မတ်ရမယ်။ နိုင်ငံရေးလုပ်ချင်တယ် ဆိုရင် သူဌေးမဖြစ်ချင်ရဘူး၊ သူဌေးဖြစ်ချင်တယ်ဆို စီးပွားရေးလုပ် နိုင်ငံရေးမလုပ်နဲ့''ဟု ၎င်းက ပြောသည်။ ဖြောင့်မတ်မှန်ကန်သောနိုင်ငံရေးသမားများ ပေါ်ထွက်လာပါမှ နိုင်ငံအတွက် အကျိုးပြုနိုင်မည်ဖြစ်ကာ ယင်းသို့ဖြစ်ရန် လူငယ်များ အနေဖြင့် ကြိုးစားရမည်ဖြစ်ကြောင်း ဟားခါးကောလိပ် ကျောင်းသား/သူများကို ပြောကြားခဲ့သည်။ ယင်းအပြင် အုပ်ချုပ်ရေးဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင် ရန် ရည်မှန်းထားသော လူငယ်များအနေဖြင့် ဖြောင့်မတ်မှန်ကန် သော ဝန်ထမ်းကောင်းများဖြစ်ချင်သည့် စိတ်ဓာတ်ကောင်းများမွေး မြူထားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။


''ထွေအုပ်လုပ်ချင်တဲ့သူတွေအနေနဲ့ နံပါတ်တစ်က အင်မတန်မှဖြောင့်မတ်ဖို့လိုပါတယ်။ ဝန်ထမ်းတွေကအများကြီးပဲ ဒါပေမဲ့ ဖြောင့်မတ်တဲ့ဝန်ထမ်းဆိုတာကတော့ အထူးဦးစားပေးခံရမှာပေါ့၊ ဒီဘက်မှာ ဝန်ထမ်းလုပ်ချင်တဲ့သူတွေအများကြီးပဲ။ အဲဒါကောင်းတယ်။ ဝန်ထမ်းကောင်းတွေ အများကြီးလိုနေတယ်''ဟု ၎င်းကပြောသည်။ လူငယ်များအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဝင်ရောက် လုပ်ကိုင်ရန်လည်းစိတ်ဝင်စားသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနတွင်လုပ်ကိုင်ခြင်းဖြင့် နိုင်ငံတကာသို့ သွားရောက်လေ့လာနိုင်ပြီး မိမိနိုင်ငံကိုကာကွယ်မှု အများအပြားဆောင်ရွက်ပေးနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ၎င်းက တိုက်တွန်းခဲ့သည်။


စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လိုသည့် လူငယ်များအနေဖြင့် လည်း မိမိတို့ရပ်ရွာကို အကျိုးပြုသည့်စီးပွားရေးသမားများဖြစ်လာရန်လည်း ရည်မှန်းချက်ထားသင့်ကြောင်း ၎င်းကသတိပေးခဲ့သည်။ ယင်းအပြင် ဟားခါးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ နှင့်တွေ့ဆုံစဉ် ဆရာ၊ ဆရာမလုပ်လိုသူအများအပြားကို မြင်တွေ့ မိသဖြင့် ဝမ်းမြောက်မိကြောင်း၊ ဆရာ၊ ဆရာမလုပ်လိုသူများအတွက် ပညာရေးကောလိပ်များ၏ ဝင်ခွင့်အမှတ်များမြင့်မားနေမှုကိုလည်း စဉ်းစားသုံးသပ်ရန်လိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တာဝန်ရှိသူများအားမှာကြားခဲ့သည်။ 

NT

#democracytoday

Rate this item
(0 votes)
back to top