HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ပေးဆပ်သူများ၏ စွန့်လွှတ်မှုကို တန်ဖိုးထား သင်ခန်းစာယူ၍ ထပ်မံစတေးမည့်သူများ မရှိတော့သည့် အခြေအနေရောက်ရန် ဆောင်ရွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း  

ပေးဆပ်သူများ၏ စွန့်လွှတ်မှုကို တန်ဖိုးထား သင်ခန်းစာယူ၍ ထပ်မံစတေးမည့်သူများ မရှိတော့သည့် အခြေအနေရောက်ရန် ဆောင်ရွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း   

ရန်ကုန်

ဒီမိုကရေစီခရီးကြမ်းကို လျှောက်လှမ်းခဲ့စဉ်က ပေးဆပ်သူများ၏ စွန့်လွှတ်မှုများကို လေးစားတန်ဖိုးထားသင်ခန်းစာရယူ၍ နောက် ထပ်စတေးသူများ မရှိနိုင်တော့သည့်အခြေအနေသို့ ရောက်ရှိရန် ဆောင်ရွက်သွားဖို့လို ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသည်။ ၁၉၈၈ ခုနှစ် မတ် ၁၃ ရက်က ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်ကြသည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၃၁ နှစ် မြောက်အခမ်းအနားကို ယခုလ ၁၃ ရက်တွင်ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာအတွင်း အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ် သည်။

''ဒီမိုကရေစီခရီးကြမ်းတစ်လျှောက် ပေးဆပ်သူများ၏ စွန့်လွှတ်မှုများကို လေးစားတန်ဖိုးထား သင်ခန်းစာရယူ၍ နောက်ထပ် စတေးရသူများ မရှိနိုင်တော့သည့်အခြေအနေသို့ ရောက်ရှိစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြပါစို့ဟုတိုက်တွန်းလျက်''ဟု သဝဏ်လွှာအတွင်း ပြောဆိုခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ခြင်းသည် ၈၈ လူထုအရေးတော်ပုံကြီး၏ နိဒါန်းပျိုးချိန် ဖြစ်ပြီး ¤င်းတို့ကျဆုံးခဲ့ခြင်းမှာ တစ်ပါတီအာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ပြီး လွတ်လပ်ပွင့်လင်းသည့် ဒီမိုကရေစီခရီးလမ်းကို စတင်လျှောက်လှမ်းကြရန် ပြည်သူလူထုတစ်ရပ်လုံးကို တပ်လှန့်နှိုးဆော်လိုက်သည့် သမိုင်းစာမျက်နှာတစ်ကွက်ဖြစ်ကြောင်း သဝဏ်လွှာ၌ ထည့်သွင်းပြောဆိုထားသည်။

 

ထို့အပြင် ဒီမိုကရေစီခရီးလမ်းကြမ်းကို လျှောက်လှမ်းချိန်မှ စတင်၍ ယနေ့အထိ လူသိထင်ရှားဖြစ်စေ၊ လူမသိသူမသိဖြစ်စေ စတေး ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်နေဆဲဖြစ်သော အများပြည်သူတို့၏ ကြီးမြတ်သောတန်ဖိုးတို့ကိုလည်း အမှတ်တရဖြစ်သည်ဟု ဆိုထားသည်။  ''ပေးဆပ်သူတို့၏ စွန့်လွှတ်မှုများဖြင့် ရုန်းကန်လှုပ်ရှားကြိုးစားကြခြင်းကြောင့် ယနေ့ အချိန်အခါတွင် ခိုင်မာသောဒီမိုကရေစီကို မတည်ဆောက်နိုင်သေးသည့်တိုင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်သို့ ရောက်လာခဲ့ပြီဟု ဆိုနိုင်ပါသည်''ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သဝဏ်လွှာအတွင်းထည့်သွင်းပြောဆိုထားသည်။


ထို့အတွက်ကြောင့်လည်း ပြည်သူများ၏အိပ်မက်ဖြစ်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဖြစ် မြောက်စေရန်အတွက် ပြည်သူနှင့်အတူ စုပေါင်း အင်အားဖြင့် စိန်ခေါ်မှု၊ အခက်အခဲ၊ အတားအဆီးပေါင်းများစွာကို ဆက်လက်ကျော်လွှား ဖြတ်သန်းရမည်ဦးမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသည်။ ကိုဖုန်းမော်နှင့်ကိုစိုးနိုင်ကျဆုံးခြင်း ၃၁ နှစ် ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားသို့ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့၏ မိသားစုဝင်များ၊ ရန်ကုန်နည်း ပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ဟောင်းများ၊ နိုင်ငံရေးအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ တက္ကသိုလ်အသီးသီးမှ ကျောင်းသားသမဂ္ဂများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် လွမ်းသူ့ပန်းခွေချခြင်း၊ ကျဆုံးသွားသူများအား အလေးပြုခြင်း၊ သံဃာ တော်များအား ဆွမ်းကပ်ခြင်း၊ ကိုဖုန်းမော်၏ အတ္ထုပ္ပတ္တိဖတ်ကြားခြင်းနှင့် သဝဏ်လွှာများ ဖတ်ကြားခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပေးပို့သည့်သဝဏ်လွှာအပြင် ထားဝယ်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ လားရှိုးနည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁) စသည်တို့မှ ကျောင်းသားသမဂ္ဂများမှလည်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top