HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဒေါက်တာလဲ့လဲ့မော် အရေးယူခံရခြင်းသည် အဂတိလိုက်စားမှုအတွက် သတိပေးသံဖြစ်ပြီး NLD အစိုးရအနေဖြင့် ကတိအတိုင်း ဆောင်ရွက်ခြင်းဟုပြော

ဒေါက်တာလဲ့လဲ့မော် အရေးယူခံရခြင်းသည် အဂတိလိုက်စားမှုအတွက် သတိပေးသံဖြစ်ပြီး NLD အစိုးရအနေဖြင့် ကတိအတိုင်း ဆောင်ရွက်ခြင်းဟုပြော

ရန်ကုန်

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဒေါက်တာလဲ့လဲ့မော် အရေးယူခံရခြင်းသည် အဂတိလိုက်စားမှုဖြစ်စဉ်များအတွက် သတိပေးသံချောင်းခေါက်သံပမာဖြစ်ပြီး NLD အစိုးရအနေဖြင့် ပေးထားသည့်ကတိများအတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ဗဟိုပြန်ကြား ရေးကော်မတီအတွင်းရေးမှူးဖြစ်သူ မုံရွာအောင်ရှင်က ပြောသည်။ ''ဒါကလဲ တကယ့်ကို သတိပေးသံချောင်း ခေါက်သံပဲလေ။ ပါတီကလဲ ပါတီဆိုဒ်အရ ထပ်ပြီးတော့ စုံစမ်းစစ်ဆေးပြီးတော့ အရေးယူဆောင်ရွက်မှာပါ။ အစိုးရအနေနဲ့ ပြောထားတဲ့ အတိုင်းလုပ်တယ်ဗျာ။ ပြောတဲ့ကတိအတိုင်းလုပ်ပေးတယ်။ ဒီအတိုင်းပါ''ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် အဂတိလိုက်စားမှုများ ကျူးလွန်ကြောင်း အဂတိလိုက်စားရေးကော်မရှင်သို့ တိုင်ကြားမှုများရှိခဲ့ပြီး နောက် ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အပြင် GGS ကုမ္ပဏီမှ သုံးဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၅၅/၆၃ အပြင် သီးခြားပြစ်မှုလေးမှုတို့ဖြင့် အမှုဖွင့်ကာ အရေးယူထားခြင်းဖြစ်သည်။


''ကျွန်တော်တို့က ပြည်သူလူထုကို ပြောထားတဲ့အတိုင်း တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ အရေးယူဆောင်ရွက်တာပါပဲ။ ဟိုးစောစောပိုင်းကတည်းက ကျွန်တော်တို့ခေါင်းဆောင်က အဂတိလိုက်စားမှုမလုပ်နဲ့၊ လူမှုဖောက်ပြန်ရေးမလုပ်နဲ့ လုပ်ရင်တော့ သည်းမခံဘူး အရေးယူမယ်လို့ ပြောထားပြီးသားပဲလေ။ တာဝန်ယူမှု တာဝန်ခံမှုနဲ့လုပ်တာ။ တကယ်ကျူးလွန်ရင် တကယ်အရေးယူတယ်ဆိုတာ ပေါ်လွင်တာပဲဗျ''ဟု မုံရွာအောင်ရှင်က ဆက်လက်ပြောသည်။


ဒေါက်တာလဲ့လဲ့မော်ကို မတ် ၁၁ ရက်မှစတင်၍ တာဝန်မှရပ်စဲလိုက်ပြီး ကော့သောင်း မြို့နယ်တရားရုံး၌ ချုပ်ရမန်ရယူခဲ့၍ ထားဝယ်အကျဉ်းထောင်သို့ ပို့ဆောင်ထားကာ မတ် ၂၅ ရက်ကို ရုံးချိန်း ချိန်းဆိုထားသည်။ လက်ရှိအချိန်၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဖြစ်သူ ဦးမြင့်မောင်အား ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ထားသည်။

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top