HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ကမ်းခြေစောင့်တပ်ဖွဲ့ကို ကာကွယ်ရေး ဝန်ကြီးဌာနအောက်တွင် ထည့်သွင်းဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေး လွှတ်တော်သို့ တင်ပြ၊ အတည်ပြုချက်ရယူမည် ဟုဆို

ကမ်းခြေစောင့်တပ်ဖွဲ့ကို ကာကွယ်ရေး ဝန်ကြီးဌာနအောက်တွင် ထည့်သွင်းဖွဲ့စည်းပြီး  လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေး လွှတ်တော်သို့ တင်ပြ၊ အတည်ပြုချက်ရယူမည် ဟုဆို

နေပြည်တော်၊ မတ် ၁၃

ကမ်းခြေ စောင့်တပ်ဖွဲ့ကို ကာကွယ်ရေး ဝန်ကြီးဌာနအောက်တွင် ထည့်သွင်း ဖွဲ့စည်းပြီး တပ်မတော်၏ကွပ်ကဲမှုအောက်တွင်ထားရှိကာ လုပ်ငန်းတာဝန်များထမ်းဆောင်နိုင်ရေး လွှတ်တော်သို့ တင်ပြအတည်ပြု ချက်ရယူသွားမည်ဟု ကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားခဲ့သည်။ မတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် (၁၁)ကြိမ်မြောက် ပုံ မှန်အစည်းအဝေး ၂၄ ရက်မြောက် နေ့အစီအစဉ်တွင် ကျောက်တန်း မဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါ်အေး မြမြမျိုးက မြန်မာ့ပင်လယ်ရေ ကြောင်းလုံခြုံရေးအတွက် လုံခြုံ ရေးအင်အားတိုးမြှင့်ပေးခြင်း၊ နည်းပညာအပါအဝင် အခြေခံလိုအပ်ချက်များတိုးပြီး ထောက်ပံ့ပေးနိုင် ခြင်းရှိမရှိ စပ်လျဉ်းသည့်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့များ အနေဖြင့် မြန်မာ့ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပင်လယ်ဓားပြရန် ကာကွယ်ရေး၊ ကုန်သွယ်ရေကြောင်းလိုင်းများ ရေယာဉ်နှင့် ဆိပ်ကမ်းများဘေး ကင်းလုံခြုံရေး၊ ရေကြောင်းမတော် တဆမှုများ စုံစမ်းစစ်ဆေးရေး၊ ပင်လယ်ပြင်ရှိကမ်းခြေသယံဇာတနှင့် ငါးလုပ်ငန်းအထိ ရေကြောင်း အကျိုးစီးပွားများအား ကာကွယ် စောင့်ရှောက်ရေး၊ ပင်လယ်ပြင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ရေထု ညစ်ညမ်းမှုကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး၊ ရေကြောင်းနယ် နိမိတ်စောင့်ကြပ်ကြည့်ရှုရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်သွားလာနေသော အပန်းဖြေစက်တပ် ရွက်လွင့်ခရီးစဉ်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဆောင်ရွက်နေသော ကျွန်းများရှိအပန်း ဖြေစခန်း၊ အပန်းဖြေပြည်သူများနှင့် ရေလုပ်သားများ၏ လုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီ စောင့်ရှောက်ပေးရေးစသည်တို့ကို အဓိကဆောင်ရွက်ရသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းထား ခြင်းမရှိ၍ ယင်းတာဝန်၊ ဝတ္တရားများကို တပ်မတော်(ရေ)မှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ၏ ပုဒ်မ-၃၃၈ တွင် '' နိုင်ငံတော်၏ လက်နက်ကိုင်အဖွဲ့အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည် '' ပုဒ်မ-၃၃၉ တွင် ''နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မ တော်က ဦးဆောင်ရမည်'' ဟု ပြဋ္ဌာန်းထားသည့်အတွက် မြန်မာ့ တပ်မတော်အနေဖြင့် ကမ်းခြေ စောင့်တပ်ဖွဲ့အား ကာကွယ်ရေး ဝန်ကြီးဌာနအောက်တွင်ထည့်သွင်း ဖွဲ့စည်းပြီး တပ်မတော်၏ ကွပ်ကဲ မှုအောက်တွင်ထားရှိကာ အထက်အပိုဒ် (စ)ပါ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေး၊ လွှတ်တော် သို့ တင်ပြ၊ အတည်ပြုချက်ရယူ ပြီး ဖွဲ့စည်းတာဝန်ပေးအပ်ရေးဆောင်ရွက်လျက်ရှိပါတယ်'' ဟု ကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားခဲ့သည်။

 

ယင်းအပြင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က တပ်မတော် (ရေ)အနေဖြင့် မြန်မာ့ပင်လယ်ပြင် ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေး အန္တရာယ်ကျရောက်သည့်နေရာများကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစသည့် လုပ်ငန်းတာဝန်များကို စစ်ရေယာဉ်များ ဖြင့် သက်ဆိုင်ရာရေပြင်ဧရိယာများအလိုက် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများ ကြောင့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် နှစ်ကုန်အထိ ပြည်တွင်းငါး ခိုးလှေ ၉၄ စင်း၊ ပြည်ပငါးခိုးလှေ ၈၃ စင်း၊ ငါးမိုင်းခွဲလှေ ၃၉ စင်း၊ မှောင်ခိုလှေအစင်း၃ဝ၊ စည်းကမ်းပျက်ငါးဖမ်းလှေအစင်း ၁ဝဝ၊ မူးယစ်ဆေးဝါးသယ်ဆောင်လှေ ၇၇ စင်း၊ သစ်ခိုးလှေအစင်း ၂၆ဝ၊ လူမှောင်ခို လှေ ၁၇ စင်း၊ တရား မဝင် ဆီတင်လှေ ငါးစင်း၊ ကျွဲ၊ နွား၊ ဆိတ် မှောင်ခိုလှေ ၅၃ စင်း၊ တရားမဝင် စက်တပ်လက်ခတ် လှေ ခုနှစ်စင်း၊ စုစုပေါင်း ၇၆၆ စင်း၊ မြန်မာနိုင်ငံသားတရားခံ ၃၆၇၇ ဦး၊

နိုင်ငံခြားသားတရားခံ ၁၅၉၈ ဦး၊ စုစုပေါင်း ၅၂၇၅ ဦး၊တို့အားဖမ်းဆီးပေးနိုင်ခဲ့ပြီး ဖမ်းဆီးရငွေတန်ဖိုးမှာ ကျပ်ဘီလီယံ ၂၂ဝ ကျော် ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင် ဧရိယာဟာ ၁၄၄၉၁ စတုရန်းမိုင် ကျယ်ဝန်းပြီး ကမ်းရိုးတန်းအရှည်ဟာ ၁၂၆ဝ ဒသမ ဝ၅၆ ရေမိုင် ရှည်လျားကာ တပ်မ တော်(ရေ)အနေဖြင့် စစ်ရေယာဉ် များဖြင့် ကြည့်ရှု၊ စောင့်ကြပ်၊ ထောက်လှမ်းခြင်းများအပြင် အ ရေးကြီးအချက်အချာရေလမ်း ကြောင်းများတွင် ကမ်းရိုးတန်း စောင့်ကြည့် ရေဒါများတပ်ဆင် ပြီးလည်းကောင်း၊ တပ်မတော် (လေ)နှင့် ပူးပေါင်း၍ ပင်လယ်ရေ ကြောင်းကင်းထောက်လေယာဉ်များဖြင့် ကင်းလှည့်ခြင်းဖြင့်လည်း ကောင်း၊ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြန်မာ့ရေပြင်ပိုင်နက်တွင် ဖြတ်သန်း၊ သွားလာလျက်ရှိသော ရေယာဉ်များကို စောင့်ကြပ်၊ ကြည့်ရှုထောက်လှမ်းလျက်ရှိပါကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် ကမ်းရိုးတန်းစောင့်ကြည့်ရေဒါ (Rader) တပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ အရေးကြီး အချက်အချာ ရေလမ်းကြောင်းများ နေရာတွင် တပ်ဆင်ခဲ့ပြီး ဖြစ်သော်လည်း ကမ်းရိုးတန်းတစ်ခုလုံးကို ခြုံငုံမိစေရန် ရေဒါများဆက်လက် တပ်ဆင်နိုင်ရေး ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊

ကမ်းခြေစောင့်တပ် ဖွဲ့ အားဖွဲ့စည်းပြီးပါက တပ်မတော် (ရေ)၏ ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်းအ မြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနစသည့် ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူကိုယ်စားလှယ်များပါဝင်သော အင်ဒီိဂရိတ်တက်ကွန်မန်းစင်တာ (ICC) တစ်ခုဖွဲ့စည်းတည်ထောင်၍ တပ်မတော်(ရေ)မှ ဦးဆောင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအကြား သတင်းအချက်အလက်များရယူဖလှယ်ကာ အချိန်နှင့်တစ်ပြေးညီဆုံးဖြတ်၊ တုံ့ပြန်ဆောင်ရွက်သွားခြင်းဖြင့် မြန်မာ့ပင်လယ် ပြင်အားပိုမိုလုံခြုံ၊ စိတ်ချစွာကာကွယ်၊ စောင့်ရှောက်သွားနိုင်မှာ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ် တော်ကိုယ်စားလှယ်ကြီးမေးခွန်းနဲ့ပတ်သက်၍ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်မှုမရှိသေးမီ ရေယာဉ်ဝင် ထွက်သွားလာမှုများ ပြား၊ ရှုပ်ထွေးပြီး ထောက်လှမ်း၊ စောင့်ကြပ်အဆင့်အတန်းခွဲခြားရန် ခက်ခဲသည့် ရေလမ်းကြောင်း များအား တပ်မတော်(ရေ)အနေဖြင့် တပ်စိတ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်၊ ပူးပေါင်း၍ မြန်မာ့ပင် လယ်ပြင်ရေကြောင်း လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိပါ ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

MP

#democracytoday

Rate this item
(0 votes)
back to top