HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

နိုင်ငံရေး မျက်နှာစာပေါ်မှာ သူရဦးရွှေမန်း ပုံရိပ် မှေးမှိန်သွားချိန် ရောက်ပြီလား

နိုင်ငံရေး မျက်နှာစာပေါ်မှာ သူရဦးရွှေမန်း ပုံရိပ် မှေးမှိန်သွားချိန် ရောက်ပြီလား

မြတ်လှိုင်း

*****************

လတ်တလော မြန်မာနိုင်ငံရဲ့နိုင်ငံရေး ပြောင်းလဲမှုဂယက်တွေကို ပြည်သူတွေ စိတ်ဝင်စားနေကြပါတယ်။ မရှင်းလင်းနိုင်သေးတဲ့ ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးနဲ့ ARSA အကြမ်းဖက်သတင်း၊ ရခိုင့်တပ်မတော် (AA) နဲ့ မြန်မာတပ်မတော်တိုက်ပွဲတွေသတင်း၊ ဝေ့လည်ကြောင်ပတ်ဖြစ်သွားတဲ့ မြစ်ဆုံပြဿနာ၊ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ ကရင်နီလူငယ်များရဲ့ ဗိုလ်ချုပ်ရုပ်တု အငြင်းပွားမှုကြောင့် ဆန္ဒပြသူတွေကို အာဏာရှင်ဆန်ဆန် လက်နက်သုံးဖြေရှင်းလိုက်တဲ့သတင်း၊ တနင်္သာရီတိုင်းဒေသကြီးရဲ့ တိုင်းအင်န်အယ်ဒီဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်တို့ကို တိုင်းလွှတ်တော်နဲ့ ပြည်သူ တွေ မကျေနပ်မှုနဲ့ သက်ဆိုင်ရာတွေကို တိုင်ကြားမှု နောက်ဆက်တွဲဆန္ဒပြမှုသတင်းတွေပါ။ ဒီသတင်းတွေက သက်ဆိုင်ရာတွေအနေနဲ့ တိကျတဲ့ဖြေရှင်းနိုင်မှု မပေးနိုင်သေးဘဲ တိမ် မြုပ်သွားရပါတယ်။

အခု ပြည်သူတွေ ပိုပြီးစိတ်ဝင်စားနေကြတာက ပြည်ထောင်စုလွှတ်တော်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ရေးနဲ့ ဒီအခြေခံဥပဒေ ပြင်ဆင်ဖို့ ထောက်ခံပွဲတွေပြုလုပ်နေကြတဲ့သတင်းနဲ့အတူ ပြည် ထောင်စုလွှတ်တော်မှာ သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်ထောင်စုလွှတ် တော်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်ကို သက်တမ်းတိုးဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံး ဖြတ်ပြီး သက်တမ်းတိုးမှုကို ပယ်ဖျက်လိုက်တဲ့ သတင်း၊ နောက် သူရဦးရွှေမန်းရဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပေးလိုက်တဲ့သတင်း ဖြစ်ပါတယ်။


သူရဦးရွှေမန်း ကိုယ်ပိုင်ပါတီထောင်ပြီး ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တာနဲ့ပတ်သက်ပြီး အခုအချိန်မှာ ပြည်သူတွေအနေနဲ့ မသိနိုင် လောက်သေးတဲ့ ပဟေဠိတွေရှိနေပါတယ်။ နောက် သူထောင်တဲ့ ပြည်ထောင်စုအကျိုး ဆောင်ပါတီမှာ ပါဝင်နေတဲ့ ပါတီခေါင်းဆောင်ပိုင်းတွေက ဦးရွှေမန်း အခုနောက်ဆုံးအချိန်ထိ ဆောင်ရွက်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်က ကော်မရှင်အဖွဲ့ဝင် တွေ ပါဝင်နေပါတယ်။ ပြောမယ်ဆိုရင် ဦးရွှေမန်း သီးခြားထူထောင်ထားတဲ့အုပ်စုလို့ ပြောလို့ရပါတယ်။ ဦးရွှေမန်းဟာ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက် သာမန်အရပ်သားတစ် ယောက်ဖြစ်သွားခဲ့ရပေမယ့် အာဏာရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူး ပြန်ဆပ်မှုကြောင့် ပြည်ထောင်စုအဆင့်ဝင်တာဝန်ရှိသူတစ်ယောက် ပြန်ဖြစ်လာတာလို့ ပြောရနိုင်ပါတယ်။


သူရဦးရွှေမန်းဟာ စစ်အာဏာရှင်စနစ် နောက်ပိုင်းကာလမှာ မြန်မာပြည်ကို အုပ်ချုပ်ချယ်လှယ်နေခဲ့တဲ့ စစ်အာဏာရှင်ထိပ်ပိုင်းခေါင်း ဆောင် နံပါတ်(၃)နေရာမှာ ရှိနေခဲ့ပါတယ်။ ဒီလိုစစ်အာဏာရှင်ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အာဏာ ကြောင့် စစ်အာဏာရှင်ခေတ်မှာ ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေပြီးရင် ဦးရွှေမန်းမိသားစုဟာ အချမ်းသာဆုံးလို့ ပြောကြပါတယ်။ သူရဦးရွှေမန်းဟာ အင်မတန်တော်တဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီးနောက်မှာ အရပ်သားအစိုးရတစ်ရပ်ကို ပုံဖော်ဖို့အတွက် ဦးသန်း ရွှေ နေရာချခဲ့တဲ့အခြေအနေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ နှစ်ယောက်က အနားယူလိုက်ပါတယ်။ နံပါတ် (၃)နေရာမှာရှိတဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းအတွက် အရပ်သားပုံပြောင်းအစိုးရမှာ နိုင်ငံတော်ရဲ့ နံပါတ်(၁)သမ္မတ ဖြစ်လာရမှာပါ။

 

ဒါပေမဲ့ ဦးသန်းရွှေ နေရာချထားမှုအရ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို နံပါတ်(၁)နိုင်ငံတော် သမ္မတနေရာ ပေးလိုက်ပါတယ်။ သူရဦးရွှေမန်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာကို ပေးခဲ့ ပါတယ်။ အဲဒီအခြေအနေကို စတာဝန်ယူကတည်းက သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့နဲ့ ဦးရွှေမန်းရဲ့ လွှတ်တော်ဟာ အားပြိုင်လာခဲ့ပါတယ်။ ပြောရရင် အခြေခံဥပဒေခုံရုံးအဖွဲ့ အားပြိုင်မှုမှာ ပိုပြီးသိသာလာပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီပါတီ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်တွင်းရောက်ရှိလာတဲ့အခါမှာ လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေနဲ့ ပိုပြီးရင်းနှီးမှုကို ဖန်တီးယူခွင့်ရသွားပါတယ်။ အတိုက်အခံအင်န်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေ ထောက်ခံတဲ့၊ နိုင်ငံတကာကပါ ထောက်ခံအားပေးသူတစ် ယောက်ဖြစ်နေတဲ့အတွက် အနာဂတ်နိုင်ငံ့ခေါင်း ဆောင်တစ်ယောက် ဖြစ်လာနိုင်ခြေရှိတယ်ဆိုပြီး ဦးရွှေမန်းက ကြိုတွေးထားခဲ့ပါတယ်။ လွှတ် တော်တွင်းမှာ ဦးရွှေမန်းအနေနဲ့ ပြည်သူ့လွှတ် တော်ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်း ရေးကော်မတီဥက္ကဋ္ဌနေရာ ပေးလိုက်ပါတယ်။ သူရဦးရွှေမန်းနဲ့ အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆက်ဆံ ရေးဟာ တဖြည်းဖြည်း ပိုနီးကပ်လာခဲ့တာ တွေ့နိုင်သလို သမ္မတဦးသိန်စိန်နဲ့ သူရဦးရွှေမန်း တို့ရဲ့ ဆက်ဆံရေးအခြေအနေကတော့ ဝေးကွာသွားတယ်လို့ ပြောရမှာပါ။


၂ဝ၁၅ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ အတိုက်အခံ အင်န်အယ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတတာဝန်ယူချင်ကြောင်း ဖွင့်ပြောလိုက်တဲ့အချိန်မှာ သူရဦးရွှေမန်းကလည်း သမ္မတလုပ်ချင်တယ်လို့ ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုနဲ့ ထောက်ခံအားကိုယူပြီး ပြောခဲ့တာဖြစ်ပေမယ့် သူရဦးရွှေမန်းအနေနဲ့ကတော့ ပြည်သူ့လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးအမတ် တွေကို စည်းရုံးပြီး လွှတ်တော်ထဲမှာရှိနေတဲ့ စစ်ဘက်အမတ် ၂၅ ရာခိုင်နှုန်းအားကိုယူပြီး ကြိုးစားမယ်လို့ ရည်ရွယ်ခဲ့ပုံရပါတယ်။ အဲဒီအချိန်မှာလည်း သူရဦးရွှေမန်းက ပြည်ခိုင်ဖြိုး ပါတီပူးတွဲဥက္ကဋ္ဌတာဝန်ယူထားပါတယ်။ ဦးရွှေ မန်းအနေနဲ့ သူတွက်ဆထားသလို မဖြစ်လာခဲ့ပါဘူး။ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင်လပိုင်း သြဂုတ် ၁၂ ရက် ညပိုင်းမှာ ပြည်ခိုင်ဖြိုးပါတီတွင်း အာဏာသိမ်းပွဲကို ကြုံတွေ့လိုက်ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီက သူရဦးရွှေမန်းကို ဥက္ကဋ္ဌနေရာက ဖယ်ရှားခံခဲ့ပါတယ်။ ဒီလိုပါတီ ခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားလိုက်တာကို စစ်ဘက်က ထောက်ခဲ့ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲကို ပြည်ခိုင်ဖြိုးပါတီဝင်သက် သက်အနေနဲ့ ဖြူးမဲဆန္ဒနယ်ကနေဝင်ပြိုင်ပြီး ရှုံးနိမ့်သွားပါတယ်။


ဒီလိုရွေး ကောက်ပွဲရှုံးနိမ့်သွားပြီး သာမန်အရပ်သားဖြစ်သွားမှာကို လက်မခံနိုင်ဘဲ နေရာတစ်ခုကို ရအောင်ပြန်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးထားခဲ့ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အာဏာလွှဲပြောင်းရေး အဆင်ပြေအောင် ဦးသန်းရွှေနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ရေးကို သူရဦးရွှေမန်း ကူညီခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှာ ရင်းနှီးအောင်ဆက်ဆံခဲ့ တာတွေ၊ လွှတ်တော်ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းကော်မတီမှာ ဥက္ကဋ္ဌနေရာပေးခဲ့တာတွေ၊ အာဏာလွှဲပြောင်းရေးမှာ အကူအညီပေးခဲ့တာတွေကြောင့် သူရဦးရွှေမန်းကို ပြည်သူ့လွှတ်တော်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်မှာ ဥက္ကဋ္ဌ နေရာပြန်ပေးခဲ့ပါတယ်။ သူရဦးရွှေမန်းအနေနဲ့ ပြည်သူလွှတ်တော်ကော်မရှင်မှာတင် မကျေနပ်သေးနိုင်ဘဲ ပြည်ထောင်စုလွှတ်တော်ဥပဒေ ရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် ရေးကော်မရှင်အဆင့်ကို တိုးယူခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မရှင်မှာ သူရဦးရွှေမန်းရဲ့လူတွေကို ခန့်အပ်တာဝန် ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အားကိုးရတဲ့ အာဏာရအင်န်အယ်လ်ဒီပါတီရဲ့အဓိကခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကိုပါ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်မှာထည့်သွင်းထားခဲ့ပါတယ်။

 

ဒါတင်မက သေးဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရပြည်ထောင်စုဝန်ကြီးနေရာတွေမှာပါ သူရဦးရွှေမန်းလူတွေ စိတ်ကြိုက်ခန့်အပ်နိုင်တဲ့အထိ ချယ်လှယ်ပိုင်ခွင့်ရခဲ့ပါတယ်။ အခုလက်ရှိ ပြည်ထောင်စုအစိုးရဝန်ကြီးတွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ နိုင်ငံတော်အစိုးရဝန်ကြီး များရုံးဝန်ကြီး ဦးမြတ်သူ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေဝန်ကြီး ဦးဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီးဦးသိန်းဆွေ၊ နောက်ထပ်တိုးချဲ့ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတွေမှာလည်း သူရဦးရွှေမန်းလူတွေချည်း တွေ့နေရတယ်။ ပြောမယ်ဆိုရင် အာဏာရ အင်န်အယ်လ်ဒီအစိုးရနဲ့ လွှတ်တော်ကို ကိုင်တွယ် ခြယ်လှယ်နေခွင့်ရထားတာ တွေ့ရပါတယ်။


အခု ပြည်ထောင်စုအကျိုးဆောင်ပါတီကို ဖွဲ့စည်းထူထောင်တဲ့နေရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြပြီး ခွင့်ပြုချက်ယူထားတယ်လို့ သူရဦးရွှေမန်းက ဖွင့်ပြောလိုက်ပါတယ်။ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေနဲ့ မီဒီယာတွေကလည်း သူရဦးရွှေမန်းရဲ့ ပြည် ထောင်စုအကျိုးဆောင်ပါတီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာရအန်အယ်လ်ဒီပါတီနှစ်ခု ပူးပေါင်း မလားဆိုပြီး အသံတွေထွက်နေပါတယ်။ အခု ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်ကို သက်တမ်းတိုးဖို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြတဲ့အခြေအနေမှာတော့ ပြည်ထောင်စု လွှတ်တော်က မဲအများစုနဲ့ ပယ်ချလိုက်တာကို တွေ့ရပါတယ်။ အင်န်အယ်လ်ဒီပါတီရဲ့ လွှတ် တော်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးအောင် ကြည်ညွန့် ပြောသွားတာကတော့ ပြည်ထောင်စုအကျိုးဆောင်ပါတီဥက္ကဋ္ဌတစ်ယောက်ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်ကို ပေးထားပါတယ်။ သူရဦးရွှေမန်းကလည်း ဒီလိုပြည်ထောင်စုလွှတ် တော်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့ လာဆန်းစစ်ရေးကော်မရှင်ကို သက်တမ်းတိုး ခြင်းကို ပယ်ချလိုက်တာကို ကြိုမသိဘူးလို့ ပြော နေပါတယ်။


အမှန်တကယ်တော့ သူရဦးရွှေမန်း လွှတ် တော်ကဏ္ဍတွေမှာ လမ်းညွှန်ချက်တွေပေးနေတာ တွေ့ရတယ်လို့ အင်န်အယ်လ်ဒီအမတ်တချို့ရဲ့ သံသယဝင်နေကြတာကို တွေ့ရပါတယ်။ လွှတ်တော်ကဏ္ဍမှာပဲဖြစ်ဖြစ်၊ အင်န်အယ်ဒီအစိုးရကဏ္ဍမှာပဲဖြစ်ဖြစ် သူရဦးရွှေမန်း အကြံပေး ဆောင်ရွက်ခဲ့ပြီး တိုးတက်ကောင်းမွန်လာတာကို မတွေ့ရပါဘူး။ လွှတ်တော်ကဏ္ဍမှာရော၊ အစိုးရအဖွဲ့မှာပါ သူ့လူတွေကို နေရာပေးထားပြီး အင်အားစုတစ်ခု ထူထောင်ထားခဲ့တာကိုပဲ မြင် နေရပါတယ်။ သူရဦးရွှေမန်းအနေနဲ့ သူ့အကျိုး အမြတ်ကို ကြိုတင်တွက်ချက်ထားပြီး ပေါင်းသင်းဆက်ဆံတတ်တာတစ်ခုကိုတော့ အင်မတန် တော်တဲ့လူတစ်ယောက်လို့ ပြောရမှာပါ။ သူရ ဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်နေရာက ဖယ်ရှားပြီး ပါတီတွင်းအာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဦးသိန်းစိန်အနေနဲ့ သမ္မတအာဏာနဲ့ ဖမ်းဆီးလိုက်မယ်ဆိုရင် လွယ်ပါတယ်။ သမ္မတဦးသိန်းစိန်ကို စစ်တပ်က ထောက်ခံထားတဲ့အခြေအနေပါ။ ဒါပေမဲ့ သူရဦးရွှေမန်းဟာ အဖမ်းမခံလိုက်ရပါဘူး။ သူ့နောက်မှာ ဦးသန်း ရွှေ ရပ်တည်ပေးခဲ့တယ်လို့ ယူဆရပါတယ်။ သူဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည် ထောင်စုကောင်းကျိုးဆောင်ပါတီကို ပြည်သူ တွေအနေနဲ့ လုံးဝယုံကြည်မှုမရှိပါဘူး။ ဒါ ကြောင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ထူထောင်လိုက်တဲ့ သူရဦးရွှေမန်းပုံရိပ်က မှေးမှိန်ချိန်ရောက်ခဲ့ပြီလို့ ယေဘူယျ ကောက် ချက်ဆွဲရမှာဖြစ်ပါတယ်။ 

 

မြတ်လှိုင်း

#theyangontimes

Rate this item
(0 votes)
back to top