HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ပြည်သူများ လာဘ်မပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ မှာကြား

ပြည်သူများ လာဘ်မပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ မှာကြား

ရန်ကုန်၊ မတ် ၁၅

ပြည်သူများ လာဘ်မပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်။ မတ် ၁၅ ရက် ပဲခူးမြို့ လူထု တွေ့ဆုံပွဲအခမ်းအနားတွင် မွတ်ဆလင်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များကို မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေး ရာတွင် ကြန့်ကြာမှုများရှိနေ ကြောင်း ပြည်သူတစ်ဦး၏ တင်ပြမှုအပေါ် ပြန်လည်ပြောဆိုရာ၌ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒီလိုပွင့်ပွင့်လင်းလင်း ပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံမပေးကြနဲ့နော်၊ အ ပြင်က ပြည်သူတွေလည်းရပြီလား၊ လာဘ်ပေး လာဘ်ယူဆိုတာ ပေးတဲ့သူလည်းရှိလို့ ယူတဲ့သူရှိတာ။ပေးတဲ့သူမရှိရင် ယူတဲ့သူမရှိနိုင်ပါဘူး။ ယူတဲ့သူတွေလည်း သတိထားကြပါ'' ဟု ၎င်းကပြောသည်။


မှတ်ပုံတင်လုပ်ရာတွင် ငွေ ပေးသည့်အခါတွင် လုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်ပေး သော်လည်း ငွေမပေးပါက ကြန့် ကြာကြောင်း ပြည်သူတစ်ဦးက တင်ပြခဲ့ခြင်းဖြစ်သည်။ ''နောက်ဘယ်သူမှ ပိုက်ဆံမ ပေးနဲ့နော်၊ ကိုယ်တိုင်လည်းမပေးနဲ့၊ ဘယ်သူမှ မပေးရဘူး။ တရား ဝင်ပေးတဲ့ပိုက်ဆံကလွဲလို့ တစ်ပြား မှမပေးနဲ့။ အဲလို လုပ်လို့ရှိရင် ပေး တဲ့သူတွေကို ဖျက်ဆီးရာလည်း ရောက်တယ်။ ကိုယ့်သိက္ခာလည်း ကျတယ်''ဟု နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောသည်။


ထိုစဉ် တင်ပြသူက ''သူတို့က ပိုက်ဆံမပေးရင် မလုပ်ပေးဘူး'' ဟုပြန်လည်ပြောကြားသည်။ ယင်းအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ''ပိုက်ဆံမပေးရဘဲ လုပ်ပေးအောင် လုပ်ပေးပါ့မယ်''ဟု ပြန်လည်ပြောဆိုခဲ့သည်။ ဆက်လက်ပြီးတင်ပြသူက ပိုက်ဆံပေးသည့်တိုင် သုံးလခန့် ကြာကြောင်းပြောသည်။


''ပိုက်ဆံမပေးနဲ့တော့ ပိုက်ဆံပေးလို့ရှိရင် မလုပ်ပေးဘူး။ သ ဘောပေါက်ပြီနော် ပိုက်ဆံမပေး မှလုပ်ပေးမယ်''ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ မွတ်ဆလင် ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များကို မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးရာတွင် ကြန့်ကြာမှုများရှိနေခြင်းအတွက် ညီညီမျှမျှဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်သည် မည်သည့်ဘာသာ ကိုကိုးကွယ်သည်ဖြစ်စေခွဲခြားပြီး မဆက်ဆံရဟူ၍ အခြေခံဥပဒေတွင် ပါရှိကြောင်း၊ အားလုံးကိုတန်းတူ ညီမျှ ဆက်ဆံရမည်ဆိုခြင်းသည် အင်မတန်ကောင်းမွန်သည့်အချက် ဖြစ်ကာ နေပြည်တော်ရောက်ပါက ယင်းကိစ္စကို သက်ဆိုင်ရာဝန်ကြီးနှင့် ညှိနှိုင်း၍ အမြန်ဆုံးဖြေရှင်း မည်ဖြစ်ကြောင်း၊ မှီတင်းနေထိုင်သူများကို မျှမျှတတဆက်ဆံခြင်းသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

NT

#democracytoday

Rate this item
(0 votes)
back to top