HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မြောက်ဦးတွင် တိုက်ပွဲများကြောင့် ပြည်သူများ ထိခိုက်မှု၊ အသက်ဆုံးရှုံးမှုများနှင့် ယဉ်ကျေးမှု အမွေအနှစ်များဆုံးရှုံးမှုများကို စုံစမ်းစစ်ဆေးရန် ရခိုင်အမျိုးသားပါတီက စုံစမ်းရေးကော်မရှင်ဖွဲ့စည်း

မြောက်ဦးတွင် တိုက်ပွဲများကြောင့် ပြည်သူများ ထိခိုက်မှု၊  အသက်ဆုံးရှုံးမှုများနှင့် ယဉ်ကျေးမှု အမွေအနှစ်များဆုံးရှုံးမှုများကို  စုံစမ်းစစ်ဆေးရန် ရခိုင်အမျိုးသားပါတီက စုံစမ်းရေးကော်မရှင်ဖွဲ့စည်း

ရန်ကုန်၊ မတ် ၂ဝ

မြောက်ဦးပစ်ခတ်မှုအပါအဝင် တပ်မတော်နှင့် AA တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်ဘက်ပြည်သူများထိခိုက်မှု၊ အသက်ဆုံးရှုံးမှုများနှင့် ယဉ်ကျေးမှု အမွေအနှစ် များဆုံးရှုံးမှုများကို စုံစမ်းစစ်ဆေးရန် ရခိုင်အမျိုးသားပါတီက စုံစမ်းရေးကော်မရှင်ဖွဲ့စည်းလိုက်သည်။ အဆိုပါကော်မရှင်ကို မတ် ၂ဝ ရက်က ပါတီဒုက္ကဋ္ဌ ဒေါ်အေးနုစိန်၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် အပါအဝင်အဖွဲ့ဝင် ရှစ်ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ''မြို့နယ်စုံမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ပြည်သူတွေ ဘယ်လိုထိ ခိုက်နစ်နာသလဲစုံစမ်းသွားမှာပါ။ အဖြစ်မှန်ကို ကာယကံရှင်တွေထံ စုံစမ်းမေးမြန်းပြီးတော့မှ တွေ့တဲ့အတိုင်း ကျွန်တော်တို့ကတင်မှာ ပါ''ဟု ၎င်းကပြောသည်။

အဆိုပါ ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများကို တစ်ပတ်အတွင်း ကွင်းဆင်းလေ့လာစုံစမ်းမှုများကိုပြုလုပ်မည်ဖြစ်ပြီး တွေ့ရှိချက်များကို ဗဟိုအလုပ်အမှုဆောင် ကော်မတီထံ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။ အဆိုပါတွေ့ရှိချက်များကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့ထံပေးပို့ရန်ရှိ၊ မရှိကိုမူ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များကြောင့် ထိခိုက်နစ်နာမှုများစွာရှိနေပြီး နှစ်ဖက်အဖွဲ့များအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းကြရန်လည်း ဦးထွန်းအောင် ကျော်က တိုက်တွန်းသည်။


''ပဋိပက္ခတွေကို တိုင်းရင်းသားပြည်နယ်တွေမှာ ဖြစ်တုန်းကလည်း နိုင်ငံရေးနည်းနဲ့ဖြေရှင်းကြဖို့ ကျွန်တော်တို့ တိုက်တွန်းအကြံပြုခဲ့တယ်။ အခုကျွန်တော်တို့ ရခိုင်ပြည်နယ်မှာဖြစ်နေပြီ။ စစ်ဘေး ရှောင်နေရတဲ့သူတွေလည်း အများကြီးဖြစ်နေပြီ။ အလုပ်အကိုင်တွေလည်းပျက်နေပြီ။ အဲဒါကြောင့် ဒီပြဿနာက လက်နက်ကိုင်ပြီးတော့ တိုက်ခိုက်လို့ကတော့ ဒီပြဿနာတွေပြေလည်ဖို့ ရလဒ်မမြင်ဘူးဗျ။ အဲဒါကြောင့် ဒီပြဿနာကို တိုင်းရင်းသား ညီအစ်ကို ပီသစွာနဲ့ စိတ်ရင်းစေတနာ ကောင်းကောင်းနဲ့ တစ်ယောက်ကို တစ်ယောက်နားလည်မှု ပေးပြီးတော့မှ ရင်းရင်းနှီးနှီးနဲ့ နွေးနွေးထွေးထွေး တွေ့ဆုံ ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်တယ်''ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်တွင် မြောက်ဦးမြို့ပေါ်၌လည်း တိုက်ပွဲများကြောင့် ပြည်သူများကြောက်ရွံ့နေကြပြီး ဈေးများလည်း ပိတ်ထားကြကြောင်း သိရသည်။ 

HWA

#democracytoday

Rate this item
(0 votes)
back to top