HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မြစ်ဆုံအရေး ပြည်သူ့လှုပ်ရှားမှုများကို ဒီချုပ် သတိထားလေ့လာနေ၊ မြစ်ဆုံဆုံးဖြတ်ချက်သည် ပြည်သူတို့၏ ရေရှည်အကျိုးစီးပွားကို ရှေးရှုမည် ဟုဆို

မြစ်ဆုံအရေး ပြည်သူ့လှုပ်ရှားမှုများကို ဒီချုပ် သတိထားလေ့လာနေ၊ မြစ်ဆုံဆုံးဖြတ်ချက်သည် ပြည်သူတို့၏ ရေရှည်အကျိုးစီးပွားကို ရှေးရှုမည် ဟုဆို

ရန်ကုန်၊ ဧပြီ ၂၁

မြစ်ဆုံအရေး ပြည်သူ့လှုပ်ရှားမှုများကို သတိထား လေ့လာနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောသည်။ မြစ်ဆုံစီမံကိန်းအပြီးရပ်ရေးအတွက် လက်ရှိအချိန်တွင် လူထုလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိရာ ယင်းအပေါ် ဒေါက်တာ မျိုးညွန့်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ မြစ်ဆုံနဲ့ပတ်သက်သည့် ဆုံး ဖြတ်ချက်ချပါကလည်း ပြည်သူများ ၏ ရေရှည်အကျိုးစီးပွားကိုသာ ရှေးရှုသွားမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ဧပြီ ၂၁ ရက်က ပြောသည်။

''ပြည်သူများရဲ့ ရေရှည်အကျိုး စီးပွားအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်အရေး ရေရှည်ဖြစ်ထွန်းဖို့ အတည်ပြုဆုံး ဖြတ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အခု ပြည်သူများကနေပြီးတော့ ကန့်ကွက်နေတာကိုလည်း ကျွန်တော်တို့ သတိထားပြီးတော့ လေ့လာနေပါတယ်။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကတော့ ကျွန်တော်တို့ အခြေအ နေပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ ရေရှည်အကျိုးစီးပွားအတွက် ဆုံးဖြတ်ရမှာပါ။ ဆုံးဖြတ်ခဲ့ပြီးရင်လည်း အဖွဲ့ချုပ်အစိုးရကလည်း တာဝန် ယူပြီး ဘာကြောင့်ဆုံးဖြတ်ရတယ်ဆိုတာကို အသိပေးသွားမှာဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

 

မြစ်ဆုံအရေးနှင့်ပတ်သက်ပြီး လက်ရှိအာဏာရပါတီအနေဖြင့် နှုတ်ဆိတ်မနေရန် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်အပါအဝင် အခြားသောအဖွဲ့အစည်းအချို့ကလည်း ပြောဆိုထားသည်။ အာဏာရပါတီ (သို့မဟုတ်) အစိုးရတစ်ခုအနေဖြင့် အကြောင်းကိစ္စတစ်ခုကို နောက်ဆုံးအချိန်ထိစောင့်ကြည့်ကာ သေချာစွာဆုံးဖြတ်ချက်ချရကြောင်း၊ နိုင်ငံတကာတွင်လည်း ယင်းကဲ့သို့ ကျင့်သုံးနေခြင်းဖြစ် ကြောင်း ဒေါက်တာမျိုးညွန့်ကဆိုသည်။ ''ထိလွယ်၊ ရှလွယ်တဲ့ကိစ္စတွေမှာ နောက်ဆုံးအချိန်ထိ စောင့်ကြည့် ပြီးတော့ သဘောထားကိုထုတ်ပြန်တာက နိုင်ငံတကာမှာလည်း ဒီလိုပဲ လုပ်နေကြပါတယ်''ဟု ၎င်းကဆိုသည်။


ဆုံးဖြတ်ချက်ကို စောစောစီးစီးပြောဆိုပါက ပြန်လည်ပြင်ဆင်ရန် ခက်ခဲသည့်အတွက် အချိန်သင့်မှ ထုတ်ပြောခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း ၎င်းကဆိုသည်။ မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပေးရန် ရန်ကုန်ကတ်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုကလည်း တရုတ်သမ္မတထံ စာပေးပို့တောင်းဆိုထားသည်။ ယင်းအပြင် မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်တန့်ပေးရန်နှင့် မြစ်ဆုံနှင့်ပတ်သက်၍ တရုတ်နိုင်ငံက တရားဝင်ကုန်ကျထားသည်များကို ပြန်ပေးလျော်၍ ဧရာဝတီကိုပြန်ရွေးယူရန် ဦးဆောင်လှုပ်ရှား သူများက တရုတ်သမ္မတထံ ကမ်းလှမ်းစာပေးပို့ထားသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top