HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

လွတ်ငြိမ်းချမ်းသာခွင့်နှင့် နောက်ကွယ်မှ ဂယက်များ  

လွတ်ငြိမ်းချမ်းသာခွင့်နှင့် နောက်ကွယ်မှ ဂယက်များ   

ရန်ကုန်

'' မိုးအောင်ရင် လို လွတ်မြောက်ရေး ... တို့အရေး ...တို့အရေး''

''ရိုက်ထား၊ ရိုက်ထား။ ဟိုဘက်က မီး လင်းနေတဲ့ ဓာတ်တိုင်ဘက်ကိုရိုက်ထား''ဆိုတဲ့ စကားသံများနှင့်အတူ အော်ဟစ်ဆူညံနေသည့် လူအုပ်ကြီးပုံကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှ တစ်ဆင့် Live လွှင့်ပြသခဲ့သည့် မြင်ကွင်းက ပြည်သူများအတွက် အံ့သြစရာပင်ဖြစ်နေသည်။

ထို့အပြင် ''ဒီအထဲမှာ ဘာမှမဟုတ်တဲ့ အမှုလေးတွေနဲ့ကျတဲ့လူတွေ အများကြီးပဲ။ ပုဒ်မ ချင်းတူတာတောင် မိုးအောင်ရင်ကျလွတ်ပြီး ကျန်တဲ့အကျဉ်းသာတွေကမလွတ်လို့ ကျွန်တော်တို့ လွတ်လပ်စွာ ဆန္ဒပြတယ်''ဟု အကျဉ်းသား တစ်ဦး၏ ဖေ့စ်ဘွတ်ခ်မှ Live လွှင့်ပြောဆိုမှုကလည်း ထူးဆန်းနေလေသည်။ ထူးဆန်းရခြင်းအကြောင်းကတော့ ထိုကဲ့သို့ Live လွှင့်ပြသမှုများသည် ပြင်ပနေရာများမှ မဟုတ်ဘဲ လုံခြုံရေး တင်းကျပ်စွာချမှတ်ထားသည့် အကျဉ်းထောင်ထဲမှ ဖြစ်နေခြင်းပင်ဖြစ်သည်။ ထိုဖြစ်စဉ်သည် ယခုလ ၈ ရက်က ရွှေဘိုအကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်များသည် အကျဉ်းထောင်များ၏လုံခြုံရေးအခြေအနေကို စိန်ခေါ်နေသကဲ့သို့ ဖြစ်ကြောင်း လေ့လာသူများကဆိုကြသည်။

 

ထောင်တွင်းဆူပူမှုများ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာ နှစ်သစ်ကူးကာလ၌ အကျဉ်းထောင် အကျဉ်း စခန်းရှိ အကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ်တိုင်ပြုလုပ်ပေး၍ လွှတ်ပေးခဲ့သည်။ ဧပြီ ၁၇ ရက်၊ ၂၆ ရက်နှင့် မေ ၇ ရက် တို့တွင် လွတ်ငြိမ်းသက်သာခွင့်များပေးလိုက်ခြင်း ကြောင့် အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေး အကျဉ်းသားအချို့အပြင် မူးယစ်ဆေးဝါးပုဒ်မ များဖြင့် ထောင်ဒဏ်ကျခံနေရသည့် အကျဉ်းသားများအပါအဝင် စုစုပေါင်း ၂၃ဝဝဝ ကျော် လွတ်မြောက်လာခဲ့သည်။ သို့သော် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသူများရှိ သကဲ့သို့ အကျဉ်းထောင်များအတွင်း ကျန်ရှိနေ သည့် အကျဉ်းသားအချို့ကမူ တန်းတူညီမျှလွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးဟုဆိုကာ ထောင် တွင်းဆန္ဒပြဆူပူမှုများ ရှိလာသည်။


ထို့အတွက်ကြောင့်ပင် လွတ်ငြိမ်းချမ်းသာ တန်းတူမှုရရှိရေး၊ မီဒီယာများနဲ့ ချက်ချင်းတွေ့ဆုံ ပေးရေး၊ အစိုးရတာဝန်ရှိသူများနဲ့ တွေ့ဆုံပေး ရေး ဆိုသည့် 'တို့အရေး' ကြွေးကြော်သံများနှင့် အတူ အကျဉ်းသားများက စုဝေးဆန္ဒပြတောင်း ဆိုမှုများ ရှိခဲ့သည်။ မေ ၈ ရက် နံနက်ပိုင်း၌ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမော်လိုက်ထောင်၊ ကရင်ပြည် နယ် ဘားအံထောင် စသည်တို့တွင် ထောင်တွင်း ဆန္ဒပြမှုများ စတင်ဖြစ်ပွားလာခဲ့ရာမှ အဆိုပါ နေ့ ည ၉ နာရီတွင် ရွှေဘိုထောင်တွင် ဒုတိယ အကြိမ်မြောက် ထောင်တွင်းဆူပူမှုဖြစ်ခဲ့သည်။  မေ ၉ ရက် နံနက် ၄ နာရီတွင် ကချင် ပြည်နယ် မြစ်ကြီးနားထောင်တွင်လည်း ဆူပူမှု များ ထပ်မံဖြစ်ပွားခဲ့ပြီး ထို့နောက်တွင်တော့ ပဲခူး တိုင်းဒေသကြီး သာယာဝတီထောင်၊ ဧရာဝတီ တိုင်းဒေသကြီးရှိ ပုသိမ်ထောင်တို့တွင် ထောင် တွင်းဆူပူမှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြန် သည်။


ဖြစ်ပွားချိန်၌လည်း အကျဉ်းသားများ၏ တောင်းဆိုချက်များက တူညီနေခြင်းကြောင့် ပြည်သူများအကြား ဝေဖန်လျက်ရှိနေချိန်လည်း ဖြစ်သည်။ ထောင်ဆူပူမှုဖြစ်ပွားခဲ့သည့်အထဲတွင် အဆိုးဆုံးအခြေအနေဟုဆိုရမည့် ရွှေဘို အကျဉ်းထောင်တွင်မူ အကျဉ်းသားလေးဦးသေ ဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်အထိ ရှိခဲ့သည်။ ထို့အတွက်ကြောင့်ပင် အကျဉ်းထောင်များ၏ လုံခြုံရေးကို တင်းကျပ်စွာ ချထားလျက်ရှိသည်။ ''ထောင်ကျအကျဉ်းသားဆိုပေမယ့် သူတို့ကို အထင်သေးလို့မရဘူး။ သူတို့မှာ အတွေး အခေါ်နဲ့ ဗဟုသုတတွေအများကြီးရှိတယ်။ ရှိ တော့ ပြဿနာက အဲဒီကစတာ။ အမှန်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အကျဉ်း ဦးစီးဌာနတွေ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေ ချို့ယွင်းချက်တွေရှိနေလို့ ဒီပြဿနာတွေရှိနေ တာ''ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထိုဖြစ်စဉ်အပေါ် သုံးသပ်ထားသည်။

 

တန်းတူညီမျှခွင့်ပေါ် အမြင်

နိုင်ငံတော်သမ္မတက သုံးကြိမ်တိုင်ပေးအပ်ခဲ့သည့် လွတ်ငြိမ်းသက်သာခွင့်သည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁ ပုဒ်မခွဲ(၁)အရ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဥပဒေပြဋ္ဌာန်းချက်တွင် ပြစ်မှုပြစ်ဒဏ်တစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်များ မထားဘဲဖြစ်စေ၊ ပြစ်ဒဏ် စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက်တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့်ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့မဟုတ်) ၎င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့မဟုတ်) အစိတ်အပိုင်း တစ်စုံတစ်ရာကို လွတ်ငြိမ်းသက်သာခွင့်ပေးနိုင် သည်ဟု ပြဋ္ဌာန်းထားသည်။

 

p 007


ထို့အတူ ပုဒ်မ ၄ဝ၁ ပုဒ်မခွဲ(၂)တွင်မူ မည်သည့်အခါမဆို ပြစ်ဒဏ်တစ်ခုကို ဆိုင်းငံ့ထားရန် (သို့မဟုတ်) လွတ်ငြိမ်းသက်သာခွင့် ပေးရန်အတွက် နိုင်ငံတော်သမ္မတထံလျှောက်ထားသည့်အခါ ယင်းလျှောက်ထားချက်ကို ခွင့် ပြုသင့်သည် (သို့မဟုတ်) ငြင်းပယ်သင့်သည်ကို မည်သို့ ထင်မြင်သဘောရကြောင်း၊ မည်သည့် အတွက်ကြောင့် ထိုသို့သဘောရကြောင်းကို အကြောင်းပြချက်များဖော်ပြရန်အပြင် အဆိုပါ ထင်မြင်ချက်စာတမ်းနှင့်အတူ အမှုတွဲမှတ်တမ်း ၏ တာဝန်ခံမိတ္တူ (သို့မဟုတ်) အဆိုပါအမှုတွဲကို ပေးပို့စေရန် ၎င်းပြစ်မှုထင်ရှားစီရင်သည့် (သို့ မဟုတ်) အတည်ပြုသည့် တရားရုံး၏ ရုံးထိုင် တရားသူကြီးအား နိုင်ငံတော်သမ္မတက ညွှန် ကြားနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။


၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပေဒ အခန်း ၅ ပုဒ်မ ၂ဝ၄ ပါ ပြဋ္ဌာန်းချက်တွင်လည်း နည်းလမ်း နှစ်ခု ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ ယင်း ဥပဒေပုဒ်မခွဲ(က)အရ နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်ဟုဖွင့် ဆိုထားပြီး ပုဒ်မခွဲ(ခ)တွင် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက် နှင့်အညီ လွတ်ငြိမ်းချမ်းသားခွင့် ပေးပိုင်ခွင့်ရှိ ကြောင်း ပြဋ္ဌာန်းထားသည်။  ''အဲဒီတော့ ၄ဝ၁(က)နဲ့ဆိုတော့ သမ္မတက သူ့အမိန့်နဲ့ပဲ တိုက်ရိုက်ဆုံးဖြတ်ပြီး လွှတ်ပေး လိုက်တဲ့သဘော။ အရင်တုန်းကတော့ ၄ဝ၁ (ခ)နဲ့ လွှတ်ပေးကြတယ်။ ဒါကျတော့ သမ္မတ တစ်ယောက်ထဲ ဆုံးဖြတ်တာမဟုတ်ဘဲ သက်ဆိုင်ရာဌာနတွေကို သဘောထားတောင်းခံပြီးမှ လွှတ်ပေးတဲ့သဘော''ဟု တရားလွှတ်တော်ရှေ့ နေတစ်ဦးက ရှင်းပြသည်။

 

p 0077


ထို့အတွက်ကြောင့် ယခုပေးအပ်ခဲ့ပြီးဖြစ်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပြုလုပ်မှုများသည် မည်သည့်အဖွဲ့အစည်းများမှ စိစစ်ဆုံးဖြတ်သည်ကို မသိရှိကြခြင်း၊ တန်းတူညီမျှမှုမရှိခြင်း စသည်တို့ကို ထောက်ပြ၍ ဝေဖန်မှုပြောဆိုနေကြခြင်းလည်း ဖြစ်သည်။  ''လွှတ်တာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ နည်းလမ်းက မှားယွင်းနေတယ်လို့မြင်တယ်။ ဥပမာ ပြစ်ဒဏ်ကျတဲ့ဖြစ်စဉ်လဲတူတယ်။ သူကျတော့လွတ်ပြီး ငါကျတော့ မလွတ်ဘူးဆိုတဲ့ အမြင်မျိုး ဖြစ်လာကြတယ်။ ဒါ့ကြောင့် ဆူပူမှု တွေ ဖြစ်လာတယ်။ ဆူပူတိုင်းလဲလွှတ်လို့မရ ပြန်ဘူး။ ဒီလိုအခြေအနေက ကောင်းတဲ့အခြေ အနေတော့ မဟုတ်ဘူး။ အနုတ်လက္ခဏာဆောင်တဲ့ အခြေအနေတွေပါ''ဟု ပြည်သူ့ပါတီမှ ရန် ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးမျိုးခင်(မုန်းခက်)က ထောက်ပြသည်။


ယခုကဲ့သို့ ထောင်တွင်းဆူပူမှုများဖြစ်ပွားခဲ့သည့် အခြေအနေသည် ထောင်သက်တမ်း တစ်လျှောက်တွင် မကြုံဖူးကြောင်းနှင့် ထောင်တွင်းဆန္ဒပြဆူပူမှုများတွင် လူသေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သည့်အတွက် စိုးရိမ်မိသလို ဖြေရှင်းရန် နည်းလမ်းများကိုသုံးသင့်ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဦးဆောင်ကော်မတီဝင်ဖြစ်သည့် ဦးအောင်မျိုးကျော်ကဆိုသည်။ ''ဥပမာ ကျွန်တော်တို့ အထဲမှာရှိစဉ်ကာလတုန်းက ထောင်တစ်ထောင်မှာ ဒီလိုဖြစ်ပြီဆိုရင် ဒီဘက်ထောင်ကိုလဲ ကူးစက်လာမှာစိုးတော့ အကုန်လုံးက ခန့်မှန်းထားရင် ထောင်မှာထောင် လှန့်တယ်ဆိုတာ ရှိတယ်။ ခရာတွေမှုတ်တာတို့ သံချောင်းခေါက်တာတို့တွေလုပ်ပြီး အကျဉ်း သားတွေကို အခန်းထဲသွင်းတဲ့နည်းတွေရှိတယ်။ ဒီလိုနည်းတွေ လုပ်လို့ရရဲ့သားနဲ့ ဒီလိုမလုပ်ဘဲ ဖြစ်လာတဲ့ကိစ္စကတော့ သိပ်ပြီးမသင်္ကာဘူးပေါ့။ ကျွန်တော်တို့မှာ သက်သေမရှိဘဲ ဘယ်သူ့ကို ပါလို့ စွပ်စွဲလို့မရတဲ့အခြေအနေတော့ရှိတယ်'' ဟု ၎င်းကပြောသည်။


ယခုကဲ့သို့ ကိုင်တွယ်ဖြေရှင်းမှုပြုရာတွင် စနစ်များမှားယွင်းနေခြင်းကြောင့် နောင်တွင် ထောင်တွင်းဆူပူမှုများဖြစ်လာနိုင်ကြောင်း သုံးသပ်ကြသည်။ အကျဉ်းသားများအနေဖြင့်လည်း ဆန္ဒပြ၍တောင်းဆိုပါက လွတ်ငြိမ်းချမ်းသာခွင့် ရရှိသည်ဟု အတွေးမှားများ မဝင်ရောက်စေရန် အရေးကြီးသကဲ့သို့ ထိုဖြစ်စဉ်သည် တိုင်းပြည် ၏ ပုံရိပ်ကိုပါ ကျဆင်းစေနိုင်ကြောင်း သုံးသပ် ကြသည်။ နိုင်ငံတော်သမ္မတရုံးကမူ ယခုကဲ့သို့ ပြစ် ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် သက် ကြီးရွယ်အိုများ၊ နာတာရှည်ကျန်းမာရေးမကောင်း သူများ၊ အမျိုးသမီးများ၊ လူငယ်များ၊ မသန်စွမ်း များ စသည့် အကျဉ်းသား၊ အကျဉ်းသူများကို ရွေးချယ်ရေးမူဝါဒနှင့်အညီ စနစ်တကျစိစစ်ပြီး လွှတ်ပေးခြင်းဖြစ်ကြောင်း ထောင်တွင်းဆူပူမှု များ ဖြစ်ပွားခဲ့ပြီး မေ ၉ ရက်တွင် ထုတ်ပြန် ပြောဆိုထားသည်။


ထို့အတူ ထောင်တွင်းဆူပူမှုများ၊ ဆန္ဒပြမှု များ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင်လည်း အကျဉ်း သားများ၏ တောင်းဆိုချက်သည် တစ်သဘော ထားတည်းဖြစ်နေပြီး အချို့မှာ ထပ်တူထပ်မျှ ဖြစ်နေသည်ကို တွေ့ရှိရခြင်း၊ အကျဉ်းသားအချို့ က လက်ကိုင်ဖုန်းဖြင့် လူမှုကွန်ရက်ပေါ်တွင် Live လွှင့်တင်ခဲ့သည်များကို စိစစ်တွေ့ရှိရသည့် အတွက် အကျဉ်းထောင်ဆူပူမှုများသည် ချိတ် ဆက်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများရှိနေသည် ဟု သုံးသပ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ ထို့အတွက်ကြောင့်လည်း အကျဉ်းထောင် အတွင်းဖြစ်ပွားခဲ့သည့် ဆူပူမှုများနှင့်ပတ်သက် ၍ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ထိရောက် စွာ စုံစမ်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်အသိပေးထားသည်။


''အခုဆိုရင် ထောင်ထဲမှာ ဖုန်းတွေနဲ့တောင် Live  လွှင့်တဲ့အဆင့်ထိဖြစ်လာတယ်။ ဖုန်းတွေ သုံးတာ ကြာနေပြီ။ တော်တော်ကို လုံခြုံရေး အားနည်းနေပြီ။ အကျဉ်းထောင်တွေရဲ့လုံခြုံရေး ကို စိန်ခေါ်သလိုဖြစ်နေတယ်။ အကျဉ်းထောင် လုံခြုံရေးအပြင် တိုင်းပြည်ရဲ့လုံခြုံရေးကိုပါ ထိခိုက်နေတယ်။ ပြည်သူတွေတောင် ထိတ်လန့် နေတာကို သွားမြင်နေရတယ်''ဟု ဦးအောင်မျိုး ကျော်က ဆက်လက်ပြောဆိုသည်။  နိုင်ငံတော်သမ္မတက သုံးကြိမ်တိုင်လွတ် ငြိမ်းချမ်းသာခွင့်များပေးအပ်၍ လွှတ်ပေးခဲ့ရာ တွင် တန်းတူညီမျှမှုနှင့် ပွင့်လင်းမြင်သာမှု အား နည်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထောင်တွင်းဆူပူမှုများ၊ ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်း ဖြစ်နေကြောင်းဟု သုံးသပ်ပြောဆိုလာသူကတော့ ရှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်း ညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးစောဝင်းထွန်းဖြစ်သည်။


''ပြစ်မှုပြစ်ဒဏ်အတူတူ တန်းတူညီမျှမှုမရှိ ဘူးပေါ့။ လွှတ်ချင် လွှတ်တယ်၊ မလွှတ်ချင် မလွှတ်ဘူးဆိုပြီး ဒီလိုကိစ္စတွေ အများကြီးဖြစ် လာတဲ့အချိန်မှာ အကျဉ်းသားတွေရဲ့စိတ်ထဲမှာ လူတိုင်းလိုလို မမျှတဘူးလို့ ခံစားချက်ဖြစ်ပေါ်လာမယ်လို့ ယူဆပါတယ်။ မမျှတဘူးလို့ထင်လို့ သူတို့အခွင့်အရေးကို တောင်းဆိုတယ်လို့မြင်တယ်။ ဒုတိယအချက်ကလည်း ပွင့်လင်းမြင်သာမှုပေါ့။ ဘယ်လိုအကြောင်းအရာတွေကြောင့် ဒီလူတွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဘယ်လိုအကြောင်းအရင်းခံတွေကြောင့် ပေးပါတယ်ဆိုပြီး ရှင်းလင်းထားနိုင်ရင်တော့ အခုလိုမကျေ နပ်မှုတွေ မမျှတဘူးလို့ထင်တဲ့ကိစ္စတွေ မဖြစ်နိုင် ဘူးလို့ ယူဆပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်ရဲ့ ယူဆချက်က အများထင်သလို ကြိုးကိုင်ကြံစည် မှုဆိုပြီး ပူးပေါင်းကြံစည်မှုဆိုတာကတော့ အင် မတန် ဖြစ်နိုင်ခဲတယ်လို့ ယူဆပါတယ်''ဟု ၎င်းက ပြောသည်။


မည်သို့ပင်ဆိုစေ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ပေးသည့်အပေါ် တန်းတူညီမျှမှုမရှိဟု အကြောင်းပြကာ ထောင်တွင်းဆူပူမှုများ ပြုလုပ်လာကြသည်။ ဖြစ်စဉ်များတူညီနေခြင်းကြောင့် သွေးထိုးလှုံ့ဆော်မှုများ ရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိပါကလည်း ပြင်းထန်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်ပြီဖြစ်သည်။ ထို့အတူ ဒီမိုကရေစီခရီးလမ်းကို ပြည်သူများနှင့်အတူ လျှောက်လှမ်းနေသည့်ကာလတွင် သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူကာ ထိ ရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှသာလျှင် ပြည် သူ့ရည်မှန်းချက် ခရီးပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဖြစ်ပေသည်။ 

 

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top