HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ကိစ္စမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ငန်းစဉ် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ဖြေဆိုရန် မရှိကြောင်း စသုံးလုံး ညွှန်ချုပ်ပြော

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ကိစ္စမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ငန်းစဉ် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ဖြေဆိုရန် မရှိကြောင်း စသုံးလုံး ညွှန်ချုပ်ပြော

ရန်ကုန်၊ မေ ၁၅

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တွင် စသုံးလုံးဝန်ထမ်းအချို့ကို တွဲဖက်ထားသော်လည်း ပြည်ထောင်စုဝန် ကြီးဦးကျော်ဝင်းကိစ္စမှာ ကော်မရှင်၏ သီးခြားလုပ်ငန်းစဉ်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ဖြေဆိုရန်မရှိကြောင်း စသုံးလုံးညွှန်ချုပ်က ပြောသည်။ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို မေ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့ဆီက တွဲထားတဲ့ဝန်ထမ်းတွေကို တိုက်ရိုက်တာဝန် ပေးကွပ်ကဲတာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကစွက်ဖက်ခြင်း၊ မေးမြန်းစုံစမ်းခြင်းပြုလုပ်လို့မရဘူးဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ဝ (ဃ)မှာ စိစစ်ချက်နဲ့ စုံစမ်းစစ်ဆေး ချက်အသီးသီးကို လျှို့ဝှက်ထားရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ကျွန်တော်တို့ဆီက တွဲဖက်ထားတဲ့ဝန်ထမ်းတွေအနေနဲ့လည်း ကျွန်တော်တို့ဆီကို ရီပို့တက်ပေးစရာမလိုဘူးဖြစ်တဲ့အတွက် ဒီကိစ္စသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သီးခြား ဆောင်ရွက်တဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနအနေနဲ့ သီးခြားဖြေ ကြားရန် မှတ်ချက်ပေးရန်မရှိပါဘူး'' ဟု ၎င်းက ပြောသည်။


ကော်မရှင်အနေဖြင့်လည်း အသိပေးချက် ထုတ်ပြန်ထားသည့်အချက်အလက်ကလွဲ၍ ဖြေဆို၍မရ ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ပြောခွင့်ရ ဦးဟန်ညွန့်က ဒီမိုကရေစီတူဒေးသို့ပြော မေ ၁၅ရက်တွင် ပြောသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၏ မိသားစုဝင်တစ်ဦး အဂတိလိုက်စားကြောင်း အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင် ကြားသဖြင့် ရန်ကုန်မြို့ရှိ ဦးကျော်ဝင်း၏ နေအိမ်ကို မေ၁၁ရက်က သွားရောက်စစ်ဆေးခဲ့ကြောင်းသတင်းထွက်ပေါ်ခဲ့သည်။ အဂတိလိုက်စားမှု ကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့် ဇော်ထံ ဒီမိုကရေစီတူဒေးမှ ဆက် သွယ်မေးမြန်းရာ ''ဟုတ်ပါတယ်။ အဲဒီအတိုင်းပါပဲ''ဟု မေ ၁၂ရက် တွင် ပြန်လည်ဖြေကြားခဲ့သည်။


သို့သော်လည်း ကော်မရှင်စစ် ဆေးဆဲအမှုများကိုမူ အသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း အဂတိလိုက်စားမှုကော်မရှင်က မေ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။ အသိပေးချက်တွင် အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေး ရေးအဖွဲ့ခြောက်ဖွဲ့ဖွဲ့စည်းကာ စုံစမ်း စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်ကြားစာများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပြည့်စုံစွာရရှိစေရန်အတွက် ကြိုတင် စုံစမ်းမှု၁၈မှုကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကော်မရှင်က စစ်ဆေးဆဲအမှုများကို လျှို့ဝှက်ထားရှိဆောင်ရွက် နေရပါသဖြင့် အမှုဖြစ်စဉ်များကို အသေးစိတ်မထုတ်ပြန်နိုင်သေး ကြောင်းဟူ၍ပါ ရှိသည်။


HWA/ MO

#democracytoday

Rate this item
(0 votes)
back to top