HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

တာမွေ ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်မှုတွင် အရပ်သားအင်အား သုံးစွဲခြင်း မရှိကြောင်း ရဲချုပ် အောင်ဝင်းဦး ပြောကြား

တာမွေ ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်မှုတွင် အရပ်သားအင်အား သုံးစွဲခြင်း မရှိကြောင်း ရဲချုပ် အောင်ဝင်းဦး ပြောကြား

ရန်ကုန်၊ မေ ၁၅

တာမွေငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်မှုတွင် အရပ်သားအင်အားသုံးစွဲခြင်းမရှိ ကြောင်း ရဲချုပ်အောင်ဝင်းဦးက ပြောသည်။ နိုင်ငံတော်အစိုးရ၏ ပြည်သူအတွက် ဒုတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို မေ ၁၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်၊ ပြန် ကြားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲချုပ် အောင်ဝင်းဦးက ရှင်းလင်းပြောရာတွင်အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ရဲချုပ်အောင်ဝင်းဦးက ''တာ မွေကိစ္စပေါ့။ အဲဒီမှာအရပ်သားတွေကို အသုံးပြုခွင့်ပြုမှုမရှိဘူးလို့ ဖြေ ကြားပါရစေ။ ပြီးတော့ လုပ်ထုံးလုပ် နည်းနဲ့အညီပဲ ဖြေကြားသွားပါမယ်။ ၂ဝ၁၆ ခုနှစ် ငြိမ်းချမ်းစွာစု ဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ-၄ မှာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်းအခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်လိုတဲ့ နိုင်ငံသား(သို့မဟုတ်) အဖွဲ့အစည်းများက မိမိသဘောထားဆန္ဒကိုဖော်ပြလိုပါက သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ အနည်းဆုံး ၄၈ နာရီ ကြိုတင်ပြီး တော့ စာနဲ့ပေးပို့တင်ပြရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီကချင် ပြည်နယ်မှာဖြစ်ပွားနေတဲ့အခြေ အနေတွေကြောင့် ပိတ်မိနေတဲ့ပြည်သူတွေလွတ်မြောက်ရေးဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ မြို့နယ်အသီးသီး တွေမှာ ဆန္ဒထုတ်ဖော်မှုတွေ စီတန်းလှည့်လည်မှုတွေဆောင်ရွက်တာမှာ ဥပဒေနဲ့အညီ အသိပေး တင်ပြမှုတွေမရှိတဲ့အတွက် အရေးယူခြင်းလည်းဖြစ်ပါတယ်။ အဲဒီ တော့ ရာဇဝတ်ကျင့်ထုံးဥပဒေ (၁၂၇)မှာ ဒုရဲအုပ်အောက်အဆင့် မနိမ့်တဲ့ရဲအရာရှိတွေဟာ အများ ပြည်သူတွေရဲ့ငြိမ်းချမ်းရေကို နှောင့်ယှက်ဖျက်ဆီးရန်ရှိသော စုဝေးတဲ့ အစုအဝေး တစ်စုံတစ်ရာကို လူစုခွဲရန် အမိန့်ပေးနိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။

 

အဲဒီလိုအမိန့်ပေးတဲ့အခါမှာလည်း ၎င်းအစုအဝေးမှာ ပါဝင်သူတို့ဟာ အမိန့်ပေးတဲ့အခါမှာ ၎င်းအစုအဝေးမှာ ပါဝင်သူတို့ဟာ အမိန့်ပေးတဲ့အတိုင်း လူစုခွဲ ရန်တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ရာဇဝတ်ကျင့်ထုံးပုဒ်မ- ၁၂၈ မှာလည်း ထိုသို့အမိန့်ပေးတဲ့အခါမှာ လူစုခွဲခြင်းမပြုရင် ဒုတိယ ရဲအုပ်အောက်အဆင့်မနိမ့်တဲ့ ရဲအရာရှိက အဲဒီအစုအဝေးကို လူစုကွဲအောင် အင်အားသုံးပြုလုပ်နိုင်တယ်လို့လည်းပြဋ္ဌာန်းထားတယ်။ အဲဒီလိုပြုလုပ်ရာမှာ လက်နက်ကိုင်မဟုတ်သူ မည်သည့်အမျိုးသားကိုမဆို အကူအညီတောင်းခံနိုင်တယ်လို့ ဖော်ပြပါတယ်။ လိုအပ်လျှင်အစုအဝေးမှာပါဝင်တဲ့သူကို လူစုခွဲဖို့(သို့မဟုတ်) တရားဥပဒေနဲ့အညီ ပြစ်ဒဏ်စီရင်နိုင်ရန် ဖမ်းဆီးချုပ် နှောင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဖြစ်စဉ်မှာ အရပ်သားအင် အားကိုသုံးမှုမရှိကြောင်း သိရှိရပါတယ်''ဟု ဖြေသည်။


တာမွေငြိမ်းချမ်းရေးဆန္ဒ ထုတ်ဖော်မှုဖြစ်စဉ်တွင် ရာဇဝတ်ကျင့်ထုံးအရ ဥပဒေပုဒ်မ-၁၅၄ အရ အမှုဖွင့်အရေးယူမှုကိုလည်း ရဲစခန်းမှဆောင်ရွက်ခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းမှ အာမခံပေးခဲ့ကြောင်း ၎င်းကဆက်လက် ဖြေကြားခဲ့ကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အထွေထွေအတွင်းရေးမှူး ဦးမြင့် ကျော်က ''ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အားလုံးမှတ်တမ်းတွေလည်းရှိတယ်။ အထောက်အထားတွေလည်းရှိတယ်။ အကယ်၍သာ မသုံးခဲ့ဘူးဆို အဲဒီလူတွေက ဘယ်လူတွေလဲဆိုတာ ထုတ်ပြောဖို့လိုလိမ့်မယ်။ ဝိုင်းပြီးတော့ဆွဲတင်တဲ့လူတွေ သူတို့သိနေတာပဲ။ သာမန်အရပ်သားက ဝင်ဆွဲတင်လို့မရဘူးလေ။ ဝိုင်းပြီးတော့ ရဲနဲ့အတူဆွဲပြီးတော့ ကားထဲကိုတင်တဲ့လူတွေ အရပ်ဝတ် တွေနဲ့ အဲဒီလူတွေ ဘယ်လိုလူတွေလဲဆိုတာ ထုတ်ပြဖို့လိုလိမ့်မယ်။ အဲဒီလူတွေက ဘယ်သူဘယ်ဝါ တကယ့်ဘာလုပ်လုပ်လဲဟာမျိုး အဲဒါမျိုးသက်သေပြဖို့လိုလိမ့်မယ်'' ဟု ဒီမိုကရေစီတူဒေးသို့ မေ ၁၅ ရက်က ပြောသည်။


စစ်ပွဲများရပ်တန့်စေရေးနှင့် စစ်ရှောင်ပြည်သူများအား လွတ်လပ်စွာကူညီထောက်ပံ့ခွင့်ရရှိရေးအတွက် မေ ၁၂ ရက်က တာမွေ မြို့နယ်၊ Ocean စင်တာရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ယင်းဆန္ဒပြပွဲကိုဦးဆောင်သူ ၁၇ ဦး အား ငြိမ်းစုစီဥပဒေပုဒ်မ-၂ဝ ဖြင့် အမှုဖွင့်ခဲ့ပြီး ဖမ်းဆီးထားသူကိုးဦးကို မေ ၁၃ ရက်ညနေပိုင်းက အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်သူတချို့ကိုဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အရပ်ဝတ်လူပုဂ္ဂိုလ်များက ဝင် ရောက်ရိုက်နှက်ခြင်းနှင့်ဖမ်းဆီး ခြင်းများပြုလုပ်ခဲ့သည်။ ယင်းဆန္ဒထုတ်ဖော်ပွဲသတင်းအရ သတင်းရယူသည့် သတင်းသမားများကိုလည်း ပစ်မှတ်ထား ခြိမ်းခြောက်တိုက်ခိုက်ခြင်းများလည်းရှိခဲ့ပြီး ယင်းနှင့်ပတ်သက်ပြှီး လူအခွင့်အရေးကော်မရှင်နှင့် သတင်းမီဒီယာကောင်စီတို့ထံ တိုင်ကြားထားကြောင်း မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီမှသိရသည်။

WYHW
#democracytoday

Rate this item
(0 votes)
back to top