HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရွှေတိဂုံ စေတီတော်တွင် စက်ရွှေဆိုင်းများထက် ရိုးရာလက်မှု ရွှေဆိုင်းများကို ရွေးချယ် ကပ်လှူပေးရန် မန္တလေးလက်မှု ရွှေဆိုင်းပညာရှင်များ ဆန္ဒ ထုတ်ဖော်

ရွှေတိဂုံ စေတီတော်တွင် စက်ရွှေဆိုင်းများထက် ရိုးရာလက်မှု ရွှေဆိုင်းများကို ရွေးချယ် ကပ်လှူပေးရန် မန္တလေးလက်မှု ရွှေဆိုင်းပညာရှင်များ ဆန္ဒ ထုတ်ဖော်

ရန်ကုန်၊ ဇူလိုင် ၁ဝ

ရွှေတိဂုံစေတီ တော်တွင် ဈေးနည်းသောစက်ရွှေဆိုင်း (စက်ဖြင့်ပြုလုပ်ထားသော ရွှေဆိုင်း) များကို ကပ်လှူခြင်းထက် ရိုးရာလက်မှုရွှေဆိုင်းများကို ရွေးချယ်ကပ်လှူပေးရန် မန္တလေး မြို့မှ လက်မှုရွှေဆိုင်းပညာရှင်များက ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။ အဆိုပါဆန္ဒထုတ်ဖော်ခြင်းကို မန္တလေးမြို့ရှိ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းရှင်များနှင့် အလုပ်သမား များက ဇူလိုင် ၁ဝ ရက် နံနက် ၉ နာရီတွင် မဟာအောင်မြေမြို့နယ်ရှိ မနော်ရမ္မံလူထု ဟစ်တိုင်ကွင်း၌ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

''ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က စေတီ၊ ရုပ်ပွားတော်ကို ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ဖို့အတွက် ရွှေဆိုင်းလုပ်ငန်းရှင်တွေကို ဈေးပြိုင်တင် ဒါခေါ်ယူထားရာမှာ ရိုးရာလက်မှုရွှေဆိုင်းတွေကိုသာ အသုံးပြုပေးဖို့ မန္တလေးမြို့က မြန်မာ့ရိုးရာလက် မှုရွှေဆိုင်းလုပ်ငန်းရှင်တွေက မေတ္တာရပ်ခံတောင်းဆိုခဲ့တယ်''ဟု အောင်သရဖူရွှေဆိုင်းလုပ်ငန်းပိုင်ရှင် ဦးမောင်စုက ပြောသည်။ ပြီးခဲ့သည့် တင်ဒါပေါက်ဈေးတွင် လက်မှုရွှေတစ်ဆိုင်းကို ကျပ်သုံးသောင်းရှစ်ထောင်ငါးရာ၊ စက် ရွှေတစ်ဆိုင်းကို ကျပ်သုံးသောင်းငါးထောင်ငါးရာရှိပြီး ကျပ်သုံးထောင်သာဈေးကွာပြီး ယင်းဈေးကွာ မှုနည်းပါးသော်လည်း စက်ရွှေကိုရွေးချယ်ဝယ်ယူမှု များလာသဖြင် လက်မှုရွှေဆိုင်းလုပ်ငန်းများကျဆင်းလာကြောင်း သိရသည်။


''အခုလို စက်ရွှေတွေပေါ်လာတဲ့အတွက် လက်နဲ့လုပ်တဲ့ ရွှေဆိုင်းပညာတတ်မြောက်ထားတဲ့သူတွေ လုပ်စားစရာမရှိတာမျိုးတွေလည်း ကြုံလာနိုင်ပါတယ်။ ဒီပုံအတိုင်းသာဆိုရင် ရိုးရာလက်မှု ပညာရပ်တစ်ခု တိမ်ကောပျောက်ကွယ်သွားနိုင်တယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးဖို့လိုပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။ ရွှေတိဂုံစေတီတော်ကြီးအတွက် ရွှေဆိုင်းကပ်လှူရန် တင်ဒါခေါ်ရာတွင် ဈေးပြိုင်တင်ဒါစနစ်အတိုင်း ဈေးအနည်းဆုံးတင်နိုင်သူကို လေလံအအောင် ပေးရခြင်းဖြစ်ပြီး စက်ရွှေဆိုင်းများပေါ်လာပြီး ဈေးနည်းသောကြောင့် လေလံအောင်သဖြင့် ဝယ်ယူကပ်လှူရခြင်းဖြစ်ကြောင်းနှင့် လက်မှုရွှေဆိုင်းများကိုလည်း အားပေးရန်အစီအစဉ်ရှိကြောင်း ရွှေတိဂုံ ဂေါပကအဖွဲ့မှ သိရသည်။


''လေလံရဲ့သဘောက ဈေးအနည်းဆုံးသူက အောင်တယ်။ စက်ရွှေဆိုင်းတွေပေါ်လာပြီးနောက်ပိုင်း ၂ဝ၁၄ လောက်ကစပြီးတော့ စက်ရွှေဆိုင်းတွေက ဈေးနည်းလို့ လေလံတွေအောင်တာဖြစ်ပါတယ်။ လက်မှုရွှေဆိုင်းတွေကိုလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပေးသွားဖို့ရှိပါတယ်။ လက်မှုရွှေဆိုင်း ဆိုပြီးတော့ စက်ရွှေဆိုင်းတွေကိုပဲ လက်မှုရွှေဆိုင်း ဈေးတွေနဲ့လာသွင်းတာတွေလည်းကြုံခဲ့ဖူးပါတယ်။ စက်ရွှေဆိုင်းက ပြောင်ပြောင်ကြီးနဲ့သိသာတယ်။ လက်မှုရွှေဆိုင်းတွေလည်း နောက်ပိုင်းမှာ အားပေးဖို့ရှိပါတယ်''ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ဇူလိုင် ၁ဝ ရက် တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။


ဆန္ဒထုတ်ဖော်ပွဲတွင် ရိုးရာလက်မှုရွှေမျက်ပါး လုပ်ငန်းရှင်များနှင့် အလုပ်သမားများက တောင်းဆိုချက်များကို ဗီနိုင်းပိုစတာများကိုင်ဆောင်၍ မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက် (၇၇) လမ်း၊ (၃၅)လမ်းနှင့် (၃၆)လမ်းတွင် စုဝေးပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ကာ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် ဟောပြောမှုများပြုလုပ်ကာ ဆန္ဒထုတ်ဖော်ကြကြောင်းသိရသည်။ လက်ရှိအချိန်တွင် မန္တလေးမြို့ မျက်ပါးရပ်ရှိ ရိုးရာလက်မှု ရွှေဆိုင်းလုပ်ငန်းများမှာ ရွှေတိဂုံစေတီ တော်၊ မဟာမုနိရုပ်ပွားတော် (ဘုရားကြီး) အပါအဝင် အခြားဒေသများရှိ စေတီ၊ ပုထိုးများအပေါ် မှီခိုလုပ်ကိုင်နေရပြီး ယခင်က လုပ်ငန်းပေါင်း ၂ဝဝ ကျော်ရှိရာမှ စက်ရွှေဆိုင်းလုပ်ငန်းများပေါ်လာသ ဖြင့် လုပ်ငန်း ၄ဝ ကျော်ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။


MTK,TTHL

#democracytoday

Rate this item
(0 votes)
back to top