HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပျက်စီးရေး ဦးတည် လုပ်ဆောင်လာခြင်းများကို အစိုးရ ပြင်းထန်စွာ ကန့်ကွက်

ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပျက်စီးရေး ဦးတည် လုပ်ဆောင်လာခြင်းများကို အစိုးရ ပြင်းထန်စွာ ကန့်ကွက်

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံပျက်စီးရေးဦးတည်လုပ်ဆောင်လာခြင်းများကို အစိုးရအနေနှင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်သည်။ စက်တင်ဘာ ၂၁ ရက်က နေပြည်တော်၊ သမ္မတအိမ်တော်၌ ကျင်းပသည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ရခိုင်အရေး နှင့်ပတ်သက်ပြီး ဖိအားပေးနေမှုများအပေါ် ၎င်းက အထက်ပါ အတိုင်းတုံ့ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ရခိုင်အရေးနှင့်ပတ်သက်ပြီး အပြု သဘောမဆောင်သည့် ဆောင်ရွက်မှုများ၊ ပြစ်ဒဏ်ပေးရေးကို ဦးတည်သည့်လုပ်ရပ်များကြောင့် မြန်မာ့လူ့အဖွဲ့အစည်းကြား ကွဲပြားမှုများ ပိုမိုဖြစ်လာမည်ကိုလည်း စိုးရိမ်ကြောင်း ဦးဇော် ဌေးက ပြောသည်။ ''နောက်တစ်ချက် ကျွန်တော်တို့လက်ရှိအစိုးရက ကြိုးပမ်း နေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေး လမ်းကြောင်းကို ကျွန်တော်တို့သွားနေတဲ့အခါမှာ နိုင်ငံပျက်စီးဖို့ ကြိုးပမ်းလာတဲ့လုပ်ဆောင်လာမှုဟူသမျှကို ကျွန်တော်တို့ အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ နောက်ခိုင်မာတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဆက်လက် ပြီးတော့ ကျွန်တော်တို့ဆောင်ရွက်သွားမယ်ဆိုတာလေးလည်း ပြောချင်ပါတယ်''ဟု ၎င်းကပြောသည်။


လက်ရှိအခြေအနေတွင် ယင်းကဲ့သို့ ဖိအားပေးမှုများ၊ ပြစ်ဒဏ်ခတ်ရေး၊ ပြစ်ဒဏ်ပေးရေးလုပ်ခြင်းထက် လက်ရှိဖြစ်နေသည့် ပြဿနာအား မည်သို့မည်ပုံလိုဖြေရှင်းနိုင်မလဲဆိုသည်ကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘော တူလက်မှတ်ရေးထိုးထားသည့်အတိုင်း နေရပ်စွန့်ခွာသွားသူများ ကို ပြန်လည်လက်ခံနိုင်ရေးစနစ်တကျ ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။


''လက်ခံတဲ့နေရာမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို အလေးထားတဲ့အနေနဲ့ UNDP, UNHCR နဲ့ ကျွန်တော်တို့နိုင်ငံ MoU ထိုးထားတယ်။ မကြာသေးခင်ကပဲ UN အဖွဲ့အစည်းတွေ မြေပြင်မှာကွင်းဆင်းမှုတွေသွားနေပြီဖြစ်တယ်။ အဲဒီဟာကို အမြန်ဆုံးလက်ခံသွားနိုင်ဖို့လည်း ကျွန်တော်တို့က အသင့်ပြင်ဆင်ထားပြီးသားလည်းဖြစ်တယ်။ ဒီလုပ်ငန်းစဉ်တွေ အောင် မြင်မှ ဒီပြဿနာကိုဖြေရှင်းရေး အထောက်အကူပြုမယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်''ဟု ၎င်းကဆက်လက်ပြောသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top