ရန်ကုန်၊ ဇူလိုင် ၉-မြန်မာအစိုးရနှင့် UNDP၊ UNHCR တို့အကြား သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆွေးနွေးရန် ကုလလက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်နှင့် UNDP ၏ အာရှပစိဖိတ်ဒေသရုံးညွှန်ကြားရေးမှူးတို့ မြန်မာ နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်နှင့် UNDP ၏ အာရှပစိဖိတ်ဒေသ ရုံးညွှန်ကြားရေးမှူးတို့သည် ဇူလိုင် ၁ဝ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကာ ခရီး စဉ်အတွင်း ပြည်ထောင်စုဝန်ကြီးများ၊ မိတ်ဖက်အဖွဲ့စည်းများနှင့်တွေ့ ဆုံမည်ဟု ဇူလိုင် ၉ ရက်က UNDP Myanmar မှ သတင်းထုတ်ပြန် ထားသည်။
UNDP ၏ အမှုဆောင်ဘုတ်အဖွဲ့မှ အတည်ပြုပြီးဖြစ်သည့် ၂ဝ၁၈-၂ဝ၂၂ ခုနှစ် UNDP ၏မြန်မာနိုင်ငံဆိုင်ရာစီမံကိန်းအသစ် နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ ၄င်းတို့ဆန္ဒသဘော ထားနှင့်အညီ အန္တရာယ်ကင်းစွာ သိက္ခာရှိရှိ စဉ်ဆက်မပြတ် ပြန်လာ နိုင်မည့် အခြေအနေကောင်း များဖြစ်ပေါ်လာစေရေးအတွက် သုံးပွင့် ဆိုင်နားလည်မှုစာချွန်လွှာအကောင်အထည်ဖော်ဆောင်ရွက်မှုများ အကြောင်းကို ဆွေးနွေးသွားမည်ဖြစ်သလို နားလည်မှုစာချွန်လွှာ၏မူဘောင်အရ UNDP သည် ရခိုင်ပြည်နယ်အတွင်းရှိ အသိုက်အဝန်း များအားလုံးအတွက် ခံနိုင်ရည်အားကောင်းသော ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများနှင့် ရေရှည်တည်တံ့ခိုင်မာသော ဖွံ့ဖြိုးတိုး တက်မှုများအား (ဥပမာ-အသက်မွေးဝမ်းကြောင်းနှင့် ဖွံ့ဖြိုးတိုးတက် မှုများကို လက်လမ်းမီစေခြင်း) ရရှိရန် ကာလတို၊ ကာလရှည်လုပ်ငန်း များ ရေးဆွဲကာ နေရပ်စွန့်ခွာနေရသူများအတွက် အားလုံးပါဝင်နိုင် ရန် ရေရှည်တည်တံ့သော နည်းလမ်းများကို ဖြေရှင်းဆောင်ရွက်ရာ၌ အရေးပါသည့် အခန်းကဏ္ဍမှဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် UNDP ၏ အာရှနှင့် ပစိဖိတ်ဒေသ ရုံးညွှန်ကြားရေးမှူး Mr. Haoliang Xu သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်မည်ဖြစ် ပြီး အဆိုပါနေ့တွင်ပင် ကုလသမဂ္ဂအဖွဲ့အစည်း ၁၂ ဖွဲ့၏ ရုံးခန်းများ ပါဝင်မည့် ကုလသမဂ္ဂရုံးအသစ်ကို နေပြည်တော်၌ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
Discussion about this post