မန္တလေး၊ ဒီဇင်ဘာ ၇
မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်စာကျေးရွာ၊ ဆိုက်ဘာစီးတီးမြို့သစ်ရှိ မီးသတ်စခန်းအနီးတွင် ဒီဇင်ဘာ ၆ ရက် ညနေ ၃ နာရီခွဲ ခန့်က နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)တွင် ဒုတိယနှစ်တက်ရောက်နေသော အသက် (၁၇)နှစ်အရွယ် ကျောင်းသားတစ် ဦးအား အမည်မသိအမျိုးသား သုံးဦးတို့က အသက်သေဆုံးသည်အထိ ရိုက်နှက်ပြီး ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့ကို လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက ကိုထက်လင်းသန့် နှင့်မဇူးဇူးဟန်ကိုတို့သည် သုံး ထောင်ကျေးရွာတွင် ရှိသည့် စား သောက်ဆိုင်တစ်ခုမှ ရတနာပုံမြို့ သစ်စီမံကိန်းအတွင်းရှိ လမ်းတစ် ခုမှပြန်လာစဉ် ယင်းမြို့သစ်စီမံကိန်း မီးသတ်တပ်ဖွဲ့ရုံးရှေ့သို့ အရောက်တွင် ဆိုင်ကယ်ကိုတွန်းလှဲခံရပြီး တုတ်များဖြင့်ရိုက်နှက်ခြင်းကိုခံရ ခြင်းဖြစ်ကြောင်း၊ ရိုက်နှက်ခံရမှု ကြောင့် ကိုထက်လင်းသန့်၏ ဦး ခေါင်းကွဲဒဏ်ရာ၊ မေးရိုး၊ နားရွက်တို့တွင် စုတ်ပြဲညိုမည်းဒဏ်ရာများ တွေ့ရှိရပြီး မဇူးဇူးဟန်ကို၏ ဦး ခေါင်းနောက်စေ့တွင် ပေါက်ပြဲ ဒဏ်ရာများတွေ့ရှိရကြောင်း ပြင် စာကျေးရွာရဲစခန်းထံမှသိရသည်။
”ကလေးတွေက စာသင်ချိန်မှာ အပြင်ရောက်နေတဲ့အနေအထားပေါ့လေ။ စုံစမ်းကြည့်ရသ လောက် လူသုံးယောက်က ဆိုင်ကယ်ကိုလဲအောင်လုပ်ပြီး ရိုက်လုသွားတဲ့ပုံမျိုးပါ”ဟု ပြင်ဦးလွင် မြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ကျောင်းသားသမဂ္ဂမှ ဘဏ္ဍာရေးမှူး ကိုဖြိုးမင်း ဇော်က ”ကောင်လေးရော၊ ကောင်မလေးရော နှစ်ယောက် စလုံးရိုက်ခံရတာ။ ကောင်မလေးက သတိမေ့သွားတယ်။ ကောင်မလေး သတိရလာတော့မှ အကူအညီ တောင်းနိုင်တာပါ။ ကောင်မလေး ပြောကြားချက်အရ အသက်နှစ် ဆယ်လောက်ဝန်းကျင် လူငယ်သုံး ယောက်လို့သိရတယ်။ ဆိုင်ကယ် လဲသွားတော့မှ တုတ်တွေနဲ့ ဝိုင်း ရိုက်ကြတာ။ ကောင်လေးက နေ ရာမှပဲဆုံးနေတာကိုတွေ့ရတယ်”ဟု ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားခဲ့သည့် နေရာ သည် ရတနာပုံမြို့သစ် အိမ်ရာ စီမံကိန်းဧရိယာအတွင်း ဖောက် လုပ်ထားသည့် လမ်းသွယ်တစ်ခု ဖြစ်ပြီး ရတနာပုံဆိုက်ဘာစီးတီးမှ ဝန်ထမ်းများ၊ အနီးအနားရှိ စက်ရုံ ဝန်ထမ်းများသာ အသုံးပြုပြီး၊ အသွားအလာနည်းပါးသည့် လမ်းတစ်ခုဖြစ်ကြောင်း ပြင်စာဒေသခံ များထံမှ သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ပြီး ပြင်စာကျေးရွာရဲစခန်းတွင် မဇူးဇူးဟန်ကိုက တရားလိုပြုလုပ် ပြီး လူသတ်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃ဝ၂၊ လုယက်မှု ကျူးလွန် စဉ် အသက်သေစေမှုပုဒ်မ ၃၉၄၊ ပူးပေါင်းကျူးလွန်မှုပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး ကျူးလွန်သူများကို လက်ရှိအချိန်ထိ မဖမ်းမိသေးသဖြင့် အမြန်ဆုံးဖမ်းမိနိုင်ရေးအတွက် အာဏာပိုင်များအနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန်၊ ယခုကဲ့သို့ ထပ်မံမဖြစ်ပေါ်စေရန်အတွက် အခင်းဖြစ်ပွားသည့်နေရာတွင် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက ကျောင်းသူ၊ ကျောင်းသားများက ဆုတောင်းပွဲပြုလုပ်၍ တောင်းဆို မှုများ ပြုလုပ်ထားကြောင်း ရတနာပုံဆိုက်ဘာစီးတီးကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုခွန်နိုင်ပြည့်ထွန်းက ဒီမိုကရေစီတူဒေးသို့ ပြောသည်။ အဆိုပါနေရာတွင် ယခင်ကလည်း လုယက်မှုများ၊ နှောင့်ယှက် မှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးပြီး သက်ဆိုင်ရာ အာဏာပိုင်များထံ အကြိမ်ကြိမ်တောင်းဆိုခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။
”ကျွန်တော်တို့ ဒီလမ်း (အခင်းဖြစ်ပွားခဲ့သည့်လမ်း)ကို နေ့စဉ် အသုံးပြုနေရတာ။ ကျွန်တော်တို့ လုံလုံခြုံခြုံနဲ့ကျောင်းတက်ချင်တယ်”ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်တွင် အမှုမှန် ပေါ်ပေါက်ရေးအတွက် အာဏာပိုင်များ၏ ဆောင်ရွက်မှုကို စောင့် ကြည့်နေမည်ဖြစ်ကြောင်း၊ ဆောင်ရွက်မှု အားနည်းပါက ဆန္ဒထုတ် ဖော်သွားရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
MTK, HWA
#democracytoday
Discussion about this post