မန္တလေး၊ မတ် ၅
မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ရွှေနန်းတော်ကျောင်းအား အမေရိကန်နိုင်ငံ သံအမတ်ကြီးများ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဒုတိယအကြိမ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရှေးဟောင်း သုတေသနနှင့် နိုင်ငံခြားပညာရှင်တို့ နှစ်ဖက်ညှိနှိုင်းမှု အဆင်မပြေ သောကြောင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မတ် ၅ ရက် နံနက် ၁ဝ နာရီက အစိုးရအဖွဲ့ရုံး၌ပြုလုပ်သည့် ရွှေနန်းတော်ကျောင်းကြီးကြပ်မှု ကော်မတီညှိနှိုင်းအစည်းအဝေးမှ သိရသည်။
”ရှေးဟောင်းသုတေသနနဲ့ အ မေရိကန်သံအမတ်ကြီးများအဖွဲ့ ကပုဂ္ဂိုလ်တွေရဲ့ စကားနားထောင် ကြည့်တဲ့အခါမှာ ကိုယ်လုပ်ချင်တာနဲ့ ကိုယ်ဖြစ်ချင်တာကို ကိုင်စွဲထားတာကို တွေ့ရတယ်။ အဓိကအားဖြင့် အမေရိကန်သံအမတ်ကြီးများအဖွဲ့က ဒီလိုမှမလုပ်ရရင်ပြန်မယ်ဆိုတဲ့ သဘောပြောတယ်။ အလားတူ ရှေးဟောင်းဘက်ကကြည့်မယ်ဆို တော့လည်း အထက်ကမိန့်မှာတဲ့အတိုင်း လုပ်နေရတယ်။ အဓိကက တော့ ညှိနှိုင်းမှုအားနည်းတာတွေ့ ရတယ်။ ဒါကြောင့် ညှိနှိုင်းမှုအဆင် မပြေတာတွေ၊ အခုတင်ပြတဲ့ဟာ တွေကို ကြီးကြပ်မှုကော်မတီနဲ့ပြန် လည်အသေးစိတ် ဆွေးနွေးပြီး ဖြစ် နိုင်သမျှရအောင် လုပ်ပေးသွားမယ်” ဟု တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးမြတ်သူက ပြောကြားခဲ့သည်။
ရွှေနန်းတော်ကျောင်းကြီးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂ဝ၁၄ ခုနှစ်ကစတင်၍ အမေရိကန် နိုင်ငံသံအမတ်ကြီးများရန်ပုံငွေမှ လှူဒါန်းငွေအမေရိကန်ဒေါ်လာငါး သိန်းဖြင့်လုပ်ကိုင်ခဲ့ပြီး ယင်းငွေများမှာ ၂ဝ၁၆ ခုနှစ်၊ ဇွန်လအတွင်း ဘတ်ဂျက်ပြီးဆုံးခဲ့ကာ ပြင်ပပုဂ္ဂလိက အလှူရှင်များ၏လှူဒါန်းငွေ အမေရိကန်ဒေါ်လာငါးသောင်းနီးပါးဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။ အမေရိကန်နိုင်ငံသံအမတ်ကြီးများရန်ပုံငွေမှ အလှူငွေထပ်မံရရှိ ရန် လျှောက်ထားမှုများပြုလုပ်ခဲ့ရာ အောက်တိုဘာလအတွင်း၌ ရန်ပုံငွေဒေါ်လာလေးသိန်းနီးပါးထပ်မံရရှိခဲ့သဖြင့် ရွှေနန်းတော် ကျောင်းအပြင်ဘက်ကြမ်းခင်း၊ တိုင်လုံးများနှင့်နယားရုပ်များကိုပြုပြင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် နယားရုပ်များကိုပြုပြင်ထိန်းသိမ်းခြင်းနှင့်အနောက်ဘက်အခြမ်းမှ တိုင်များကို ယခင်ကုန်းဘောင်ခေတ်နည်းပညာအတိုင်း သံမပါဘဲထုပ် စွပ်လျောက်စွပ်နည်းများဖြင့် အစားထိုး လုပ်ဆောင်နေဆဲအချိန်တွင် အခြားသုံးဖက်မှတိုင်များကို ဆက်လက်လုပ်ဆောင်ခွင့်မပေးသည့်အတွက် ရပ်နားထားရခြင်းဖြစ်သည်။
”ပြန်ပြင်တဲ့အမေရိကန်အဖွဲ့ ဟာ ခိုင်မာမှုကိုအဓိကထားတယ်။ ရှေးဟောင်းဘက်က ရှေးဟောင်း လက်ရာမပျက်ဖို့အတွက် အဓိကထားတယ်။ ဒီနှစ်ခုကြားမှာ ပြဿနာဖြစ်နေတယ်။ ရှေးဟောင်းမပျက် အောင်ပြင်မယ်ဆိုတဲ့ အဖွဲ့အစည်းနဲ့ခိုင်မာမှုရှိအောင်ပြင်မယ်ဆိုတဲ့ အဖွဲ့အစည်းကြားမှာ တစ်ဖက်နဲ့တစ်ဖက်သဘောတူညီမှုမရလို့ဘဲ။ ပြီးခဲ့တဲ့တစ်ခေါက်ကကျောင်းအ နောက်ဘက်မှာ တိုင်လုံးတွေအကုန်လဲလိုက်တဲ့ကိစ္စမှာ ရှေးဟောင်းက လုံးဝမကြိုက်ဘူး။ ခိုင်မာတဲ့ဘက်က ကြည့်ရင်ကောင်းပေမယ့် ရှေးမူမပျက်တဲ့ဘက်ကကြည့်ရင်အပြစ်ဖြစ် နေတယ်”ဟု ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ပြောကြားသည်။ ရွှေနန်းတော်ကျောင်းသည် အမိုးသုံးဆင့်၊ လည်ပေါ်နှစ်ထပ်၊ စမြင်ပါသော ဇေတဝန်ဆောင်ဖြစ်ပြီး ကျောင်းကြီးတစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် ၁၅ လုံးတန်းနှင့် တောင်မြောက်တိုင် ၁ဝ လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း ၁၅ဝ၊ နယားရုပ်ဒေါက်တိုင်ပေါင်း ၄၂ တိုင်နှင့် သရက်ကင်း အုတ်လှေ ကား ၅ စင်းဖြင့် တည်ဆောက်ထား သော ကျောင်းကြီးတစ်ကျောင်း ဖြစ်ကြောင်း သိရသည်။
MTK
#democracytoday
Discussion about this post