မုံရွာ၊ မတ် ၁၈
ချင်းတွင်းမြစ် ရေနည်းပါးချိန်တွင် မော်လိုက်၊ ဟုမ္မလင်းနှင့်ခန္တီးဒေသများတွင် ရေနည်းပြီး သဲသောင်ထွန်းမှုများ ပြားလာသောကြောင့် အညာဆန် ကုန်တင်နှင့်ခရီးသည်တင်ရေယာဉ်များ စုန်ဆန်သွားလာရေး ခက်ခဲလာနေကြောင်း သိရသည်။
”မုံရွာနှင့်ကလေးဝမြို့အကြားမှာ ရေကြောင်းက သိပ်မဆိုးလှဘူး။ မော်လိုက်နဲ့ခန္တီးအကြားမှာ အခုနှစ်ရေကြောင်းတွေပြောင်းပြီး သဲသောင်ထွန်းမှုကလည်း ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်။ ကလေးဝ မြို့နှင့်မော်လိုက်အကြားဆိုရင် ပလူဇာဝနေရာက ရေကြောင်းတော် တော်ဆိုးနေတယ်။ အခုရက်ပိုင်းမှာကို တစ်ပတ်ဆယ်ရက်လောက် ဆန်တက်နေရတယ်။ နတ်စက်နေ ရာတွေ ရေကြောင်းပါးတယ်။ နောင်ပိုအောင်၊ နမ့်တောင်ချောင်း ကတော့ပဲ့ထောင်စက်လှေကလေး တွေလောက်တော့သွားနိုင်တယ်”ဟု ဟုမ္မလင်းစုန်ဆန်သွားလာနေသည့် အမြန်ရေယာဉ်မောင်း ဦးသာဒင်က ပြောကြားသည်။ ချင်းတွင်းရေကြောင်းအခြေအနေမှာ မတ်လဆန်းချိန်မှစတင်၍ ယခင်နှစ်များထက် မြစ်ရေကျဆင်းမှုမြန်ဆန်လျက်ရှိပြီး ချင်းတွင်း မြစ်နေရာအများအပြား၌ အညာဆန်ရေယာဉ်များရေကြောင်းမှား သောင်တင်နေမှုများရှိနေသည်။
တိုင်းဒေသကြီး ရေကြောင်း လမ်းညွှန်ဌာန၊ ညွှန်ကြားရေးမှူးရုံး၏ သတင်းထုတ်ပြန်ကြေညာချက်များအရ ချင်းတွင်းမြစ်ဝမှ ချင်းတွင်းမြစ်ဖျားဒေသအထိ ရေ ကြောင်းသွားရေယာဉ်များ ဘေး အန္တရာယ်ကင်းရှင်းရေးအတွက် ရေပေါ်ပြအမှတ်အသားများ၊ ကမ်းပြအမှတ်အသားများချထားပြီး အမှတ်အသား ၁၆ မျိုးပါဝင်သည့် ဖြတ်ကူး၊ ကမ်းကပ်၊ ဘော့နီ၊ ဘော့ဖြူ၊ အန္တရာယ်အမှတ်အသားများကိုလည်း ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ချင်းတွင်း မြစ်ရေများချိန်မှာ နှစ်စဉ်မေ ၁၅ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ သတ်မှတ်ထားပြီး ရေနည်းကာလမှာ နှစ်စဉ်နိုဝင်ဘာ ၁၅ ရက်မှ မေ ၁၅ ရက်အထိဖြစ်ကြောင်းသိရသည်။
MOS
#democracytoday
Discussion about this post