ရန်ကုန်၊ မေ ၆
မိခင်မရှိခိုက် ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ သားနှစ်ဦး သေဆုံးခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)၊ လုပ်သားရွာလမ်းရှိ နေအိမ်တစ်အိမ်တွင် မေ ၅ ရက် ည ၁ဝ နာရီခွဲခန့်က မိခင်ဖြစ်သူ မခင်ထွေးငယ်(၂၄) နှစ်သည် လမ်းထိပ်သို့သွားကာ နာရေးသတင်းသွားမေးနေစဉ် နေအိမ်ဘုရားစင်မှ ဖယောင်းတိုင် မီးအရည်ပျော်ကျပြီး ဘုရားစင်မှ တစ်ဆင့်တစ်အိမ်လုံး မီးလောင်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဘုရားစင်နှင့်ကပ်လျက် အခန်းအတွင်း အိပ်ပျော်နေသည့် မခင်ထွေးငယ်၏ အသက်နှစ်နှစ်ခွဲနှင့် အသက် ခြောက်နှစ်အရွယ် သားနှစ်ဦးမှာ မီးလောင်သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းအောင်က ပြောသည်။ မီးစတင်လောင်မှုကို နံဘေးအိမ်များမသိကြဘဲ မီးအားများလာမှသိသဖြင့် ကျိုင်းတုံမြို့နယ်မီး သတ်တပ်ဖွဲ့သို့ အကြောင်းကြားခဲ့ ကြောင်း၊ ည ၁၁ နာရီတွင် မီးငြိမ်း ခဲ့ကြောင်း၊ သေဆုံးသူကလေး နှစ်ဦး၏အလောင်းကို ကျိုင်းတုံ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဒုရဲမှူးသန်းထွန်းအောင်က ”မိခင်ဖြစ်တဲ့သူက လမ်းထိပ်မှာ ရှိတဲ့နာရေးအိမ်ကို သွားမေးတာ။ ကလေးနှစ်ဦးက အိမ်မှာ အိပ်နေတာပေါ့။ အဲဒီမှာ ဖယောင်းတိုင်မီးကို ဘုရားစင်မှာ ထွန်းခဲ့တာလေ။ ဖယောင်းတိုင်မီးကကုန်သွားတော့ အရည်ပျော်ပြီး တော့ ဘုရားစင်လောင်ပြီးတော့ မီးလောင်ခဲ့တာပေါ့။ ကလေး နှစ်ဦးက ဘုရားစင်ဘေးခန်းမှာ အိပ်ပျော်နေတာ။ ဘေးအိမ်က သူတွေက အခင်းဖြစ်တုန်းက မိုးကနည်းနည်းရွာနေတော့ အထဲမှာလောင်တာကို မသိလိုက်ဘူး။ မီးငြိမ်းတော့ နေအိမ်ပေါ်ရှာဖွေတာ ကလေးနှစ်ဦးအလောင်းကို မီးလောင်ဒဏ်ရာတွေနဲ့ တွေ့ တယ်”ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။ သေဆုံးခဲ့သည့်ကလေးနှစ်ဦး၏ဖခင်မှာ အခြားမြို့နယ်တွင် အလုပ်လုပ်ကိုင်နေကြောင်း၊ ၎င်းတို့မှာ လားဟူတိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။ ယင်းမီးလောင်သေဆုံးမှုနှင့် ပတ်သက်ပြီး ကျိုင်းတုံမြို့မရဲစခန်းမှ (ပ)၁၃၁/ ၂ဝ၁၈၊ ရာဇသတ် ကြီးပုဒ်မ-၂၈၅/၃ဝ၄-က ဖြင့် မခင် ထွေးငယ်ကို အမှုဖွင့်အရေးယူ ထားသည်။
WYHW
#democracytoday
Discussion about this post