ကလေး၊ အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသသည် ၎င်းတို့၏နယ်မြေဆက်စပ်လျက်ရှိသော ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်တို့မှ ရွာသွန်းလေ့ရှိသောမိုးရေများ ကြောင့် မြစ်ရေ၊ ချောင်းရေများမှတစ်ဆင့်မြစ်သာမြစ်ထဲသို့ စီးဝင်ပြီး မိုးရာသီရောက်တိုင်းကလေး ဒေသ၌ အချိန်မရွေးရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့်အတွက် ရေကြီး ရေလျှံမှုကို ကာကွယ်နိုင်ရန် ရေ ဘေးကယ်ဆယ်ရေးအလုပ်ရုံဆွေး နွေးပွဲတစ်ခုကို မကြာမီရက်ပိုင်းအတွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရေလျှံမှုဖြစ်စဉ်၏ အားနည်းချက်၊ အားသာချက်ကိုသုံးသပ်ပြီး သင်ခန်းစာရယူနိုင်ရေးအတွက် ရေဘေးကယ်ဆယ်ရေးအလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီတွင် မြို့နယ်စုပေါင်းရုံး၌ အစီအစဉ်နှစ်ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပထမပိုင်းတွင် စက်တင်ဘာလ ရေကြီးရေလျှံမှု၌ ကယ်ဆယ်ရေးဇုန်အလိုက်ဆွေးနွေးကြမည်ဖြစ် ပြီး ဒုတိယပိုင်းအစီအစဉ်တွင် စု ပေါင်းအဖြေရှာကြမည်ဖြစ်သည်။ ပထမပိုင်းအစီအစဉ်တွင် အဖွဲ့ငါးဖွဲ့မှ ရေကြီးမှုဖြစ်ပွားစဉ် ဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေး မည်ဖြစ်ပြီး အဖွဲ့(၁) နှင့် (၂) တို့ သည် ရေဘေးသင့်ရပ်ကွက်နှင့် ကျေးရွာများပြောင်းရွှေ့မှုအခြေ အနေများ၊ အဖွဲ့(၃) မှ ရေဘေးသင့်ပြည်သူများပြောင်းရွှေ့ပေးရေး နှင့် လုံခြုံရေးဆောင်ရွက်ပေးမှု အခြေအနေများ၊ အဖွဲ့(၄)မှ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးမှု အခြေအနေများနှင့် အဖွဲ့(၅) မှ ရေဘေးကျရောက်ခဲ့မှု ရာသီဥတု အခြေအနေနှင့် မြစ်ကြမ်းပြင်ရေ မြင့်တက်လာမှုအခြေအနေများကိုလည်းကောင်း အသီးအသီးဆွေး နွေးတင်ပြကြမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့စက် တင်ဘာလရေကြီးရေလျှံမှုဖြစ် ပေါ်စဉ်၌ ရေဘေးကျရောက်ခဲ့သော ရပ်ကွက်နှင့်ကျေးရွာတစ်ခုစီမှ သုံးဦးစီ၊ ရေဘေးကယ်ဆယ်ရေးတွင် တာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာများ၊ CSO များ၊ ပရဟိတ အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များဖိတ်ကြားပြီးပြုလုပ်မည်ဖြစ်သည်။ ဒုတိယပိုင်းအစီအစဉ်တွင် အဆိုပါအဖွဲ့ငါးဖွဲ့မှတင်ပြဆွေးနွေး ချက်အပေါ် နောင်တွင်ကလေးဒေသ၌ ရေကြီးရေလျှံမှုများထပ်မံဖြစ် ပေါ်ချိန်တွင် ထိခိုက်မှု၊ ဆုံးရှုံးမှုမရှိစေရေးကို ဦးတည်ကာ အကောင်းဆုံးအဖြေရှာကြမည်ဖြစ်ကြောင်း သိရသည်။
AB
#democracytoday
Discussion about this post