HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဟုမ္မလင်း မြို့မဈေးမှ ဈေးသူဈေးသားများ စည်ပင်ကို ဆန္ဒပြ

ဟုမ္မလင်း မြို့မဈေးမှ ဈေးသူဈေးသားများ စည်ပင်ကို ဆန္ဒပြ

ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္ဒီးခရိုင်၊ ဟုမ္မလင်းမြို့ မြို့မဈေးမှ ဈေးသူဈေးသားများ စုပေါင်းကာ လူဦးရေ ၁ဝဝ ခန့်မှ ဟုမ္မလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။ ဆန္ဒထုတ်ဖော်မှုကို ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီခန့်တွင် ဟုမ္မလင်းမြို့မဈေးရှေ့ မှစတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ''ပြည်သူလူထုတွေ ဘယ်လောက်နစ်နာနေတယ်ဆိုတာကို ဆန္ဒပြတာပါ။ ဆန္ဒပြရတဲ့ကဏ္ဍကတော့များတယ်။ ပြည်သူဘက်က နစ်နာတာတွေ များနေပြီ။ ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် အဆင်ပြေတာမရှိခဲ့ဘူး''ဟု ဆန္ဒပြပွဲဦးဆောင်ကျင်းပသည့် မရီရီမွန်က ဆိုသည်။

ဆန္ဒထုတ်ဖော်ရသည့်အကြောင်းအရင်းများအတွင်း ဈေးအခွင့်အရေး၊ ပြည်သူ့အခွင့် အရေးကို ဥပဒေနဲ့အညီရရှိရန်အတွက် တောင်းဆိုခြင်းများ ပါဝင်ကြောင်းသိရသည်။ ဆန္ဒထုတ်ဖော်ရာတွင် ဈေးသူဈေးသားများ၏ဆန္ဒမပါဘဲ ဈေးသစ်ဆောက်လုပ်ရန် ကြံစည်နေမှု ရပ်ဆိုင်းရေး၊ ဈေးသူဈေးသားဆန္ဒမပါဘဲ ဈေးမြေပေါ်တွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှု အလိုမရှိ၊ ပြည်သူကို ဗဟိုပြုသော စည်ပင်သာယာရေးလုပ်ငန်းများ ဖြစ်ပေါ် ရေး အစရှိသည့်စာသားများ ပါဝင်သည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စီတန်းလှည့်လည် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။


စီတန်းလှည့်လည်ဆန္ဒပြသမှုများအပြင် ဟောပြောပွဲများပါ ပြုလုပ်သွားမည်ဖြစ်ပြီး ဆန္ဒထုတ်ဖော်ရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံသို့ အကြောင်းကြားထားကြောင်းလည်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။ ဆန္ဒဖော်ထုတ်ခြင်းကို နံနက် ၉ နာရီမှစတင်ကာ ညနေ ၆ နာရီအထိ ဟုမ္မလင်းမြို့ မြို့မဈေးမှ ကမ်းနားလမ်းတစ်လျှောက် စည်ပင်ရုံးရှေ့၊ ပြည်သာယာလမ်း၊ ဆိုင်ဝန်းမောင် အရှေ့ထိ၊ ထို့နောက် ပြန်ကွေ့ကာ မြို့မဈေးအထိ လှည့်လည်ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။


ထိုကဲ့သို့ဆန္ဒပြတောင်းဆိုမှုများကို တာဝန်ရှိသူများအနေဖြင့် မဖြေရှင်းပေးပါက ဆက်လက်ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း၌လည်း မုံရွာမြို့တွင် စည်ပင်ဌာနမှ တာဝန်ရှိသူများကို အရေးယူပေးရေးအတွက် မုံရွာမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းကာ ဆန္ဒထုတ် ဖော်မှုပြုလုပ်ခဲ့သေးသည်။

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top