HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဆားကွင်းများ အားလုံးပျက်စီး

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဆားကွင်းများ အားလုံးပျက်စီး

ပုသိမ်၊ ဇန်နဝါရီ ၁ဝ

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်များက မုန်တိုင်းအရှိန်ကြောင့် မိုးနှစ်ရက်ဆက်တိုက်ရွာသွန်းခဲ့သဖြင့် ဆားထုတ်လုပ်ရာဒေသများဖြစ်သော လပွတ္တာ မြို့နယ်နှင့် ငပုတောမြို့နယ်အတွင်းရှိ ဆားကွင်းများအားလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီး ဆားစက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အချို့သောဆားကွင်းမှာ ဆားကျုံးရန်နှစ်ရက် သုံးရက်ခန့်သာလိုတော့ကြောင်း၊ အချိန်အခါမဟုတ် နှစ်ရက်ဆက်တိုက်နေ့ရောညပါ အဆက်မပြတ်ရွာသွန်းခဲ့ သောမိုးကြောင့် ဆားကွင်းများပေါ်တွင် မိုးရေသုံးလက်မခွဲခန့်တက်ခဲ့ ကြောင်း၊ ဆားခဲနေသောကွင်းများမှာ ဆုံးရှုံးမှုနည်းနိုင်သော်လည်း အခြားဆားကွင်းများမှာ ဆုံးရှုံးမှု များနိုင်ကြောင်း၊ မြေထွန်သည်မှလွဲ၍ အားလုံးပြန်လည်လုပ်ကိုင် ကြရမည်ဖြစ်ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဆားရာသီချိန်က ဆားဖို လုပ်ငန်းရှင် ၄၂၄ ဦးက ၁၆၈၁၂ ဒသမ ၄၇ ဧကလုပ်ခဲ့ပြီး ၂ဝ၁၈- ၂ဝ၁၉ တွင် လုပ်ငန်းရှင် ၄၃၆ ဦးက ၁၆၉ဝ၁ ဒသမ ၁၈ ဧကလုပ် ကိုင်ခဲ့ကြောင်း ဆားဖိုလုပ်ငန်းရှင် ဖြစ်သူ ထိုဆားစက်လုပ်ငန်းရှင်များ အသင်းနာယက ဦးထွန်းထွန်းက ပြောကြားသည်။

 

''ဆုံးရှုံးမှုကတော့ ဆားဖိုလုပ်ငန်းရှင်တွေအကုန်လုံး များကြမှာပါပဲ။ ဆားပေါ်လုပေါ်ခင်သမား တွေက နည်းနည်းသက်သာမယ်။ ကျန်တဲ့သူတွေကတော့ ဆားကွင်း ပြင်တာကလွဲပြီး အစကနေပြန်စရ တော့မှာ၊ အခုဆားကြမ်းဈေးကျပ် ၂၈ဝ ပေါက်တယ်။ ထုတ်လုပ်သူ လက်မှာ ဆားလက်ကျန်မရှိတော့ဘူး။ ဆားထွက်ချိန်အနည်းဆုံး တစ်လလောက်နောက်ကျမယ်''ဟု ဦးထွန်းထွန်းက ပြောဆိုသည်။ ယခုနှစ်တွင် ဆားကွင်းလုပ်ကိုင်သူဦးရေတိုးပွားခဲ့ပြီးလုပ်ကွက် ဧကများလာကြောင်း ယခုနှစ်မှစ တင်ကာလုပ်ကိုင်ကြသည့် ဆား ဖိုသူကြီးများနှင့် အရင်းအနှီးနည်း ပါးသူများမှာ လုပ်ငန်းပြန်လည် တည်ဆောက်ရန် အခက်အခဲကြုံ တွေ့နိုင်ကြောင်း လပွတ္တာမြို့နယ် နှင့် ငပုတောမြို့နယ်မှ ဆားဖိုလုပ်ငန်းရှင်များက သုံးသပ်သည်။


ပြည်တွင်းသုံးစွဲရန်ဆားများကို မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ၆၅ ရာခိုင်နှုန်းထုတ်လုပ်ကြောင်း တိုင်းဒေသကြီး မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်းထုတ် လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။ 

MM

#democracytoday

Rate this item
(0 votes)
back to top