HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ဆောက်လုပ်မှု အပြီးပိုင် ဖျက်သိမ်းရေး တောင်းဆိုနေသည့် ဒေသခံများအနက် ကျေးလက်လမ်း၊ တံတားဦးစီးဌာနမှ တရားစွဲခံထားရသူများ အာမခံ မရ

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ဆောက်လုပ်မှု အပြီးပိုင် ဖျက်သိမ်းရေး တောင်းဆိုနေသည့် ဒေသခံများအနက် ကျေးလက်လမ်း၊ တံတားဦးစီးဌာနမှ တရားစွဲခံထားရသူများ အာမခံ မရ

မန္တလေး၊ သြဂုတ် ၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီး ကျောက်မီး သွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား အပြီးပိုင်ဖျက်သိမ်းပေးရေး တောင်းဆိုနေသည့်ဒေသခံများအနက် ကျေးလက် လမ်းတံတားဦးစီးဌာနမှတရားစွဲ ခံထားရသူများကို ဒုတိယအကြိမ်အဖြစ် သြဂုတ် ၉ ရက် မွန်းလွဲပိုင်းက ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ရုံးးထုတ်ခဲ့ရာ အာမခံတင် ပြလျှောက်ထားသော်လည်း တရားရုံးကပယ်ချခဲ့ကြောင်း သိရသည်။

''ဒီနေ့နှစ်မှုစစ်ဆေးတယ်။ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းတံတားဦးစီးမှူး ဒေါ်မင်းမင်းမြင့်က တိုင်းဒေသကြီးလမ်းများ၊ တံတာများ ဥပဒေပုဒ် မ-၂၂/၂၃ ဖြစ်ပါတယ်။ ဒီထဲမှာမှ ဒေါ်မင်းမင်းမြင့်ကို ကျွန်တော်တို့ အပြန်အလှန်စစ်မေးတဲ့အခါမှာ ဒီပုဒ်မ-၂၂/ ၂၃ ဟာ ပေါ်ပေါက် မှုမရှိတဲ့အတွက် ကျန်တရားစွဲခံထားရတဲ့ ဦးသိန်းပိုင်နဲ့ ဒေါ်မြတို့ နှစ်ဦးကို ဥပဒြေ>ွခင်းချက်အရ အာမခံလျှောက်တယ်။ တရားရုံးက ဒီပုဒ်မက အာမခံပေးလို့မရဘူး။ နောက်ပြီး ကျန်စွပ်စွဲခံရသူတွေကို အာမခံပေးမယ်ဆိုရင် ပြစ်မှုထပ် မံကျူးလွန်နိုင်ဖွယ်ရာရှိတယ်လို့ ယူဆတဲ့အတွက် အာမခံမပေးဘူးဆိုပြီး အမိန့်ချတယ်။ ဒီထင်မြင်ယူ ဆချက်နဲ့တရားရုံးက ဆုံးဖြတ်လို့မရဘူး။ တရားခွင်ပေါ်ပေါက်ချက်အရ ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ပေးရမှာပါ။ ဒီအနေအထားမျိုးကြောင့် ဥပဒေပါပြဋ္ဌာန်းချက်နဲ့အညီ ဒေသခံတွေအတွက် အာမခံရအောင် ဆက်လက်ဆောင်ရွက်သွားမယ်။ လာမယ့်ရုံးချိန်းမှာလည်း တရားလိုပြသက်သေတွေကို ဥပဒေနဲ့အညီ စစ်မေးသွားမယ်''ဟု စွပ်စွဲခံရသူများဘက်မှ ရှေ့နေအဖြစ် ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်အပတ် သြဂုတ် ၂ ရက်က နဦးရုံးချိန်းတွင် တိုင်းဒေသကြီးလမ်းများ၊ တံတားများ ဥပဒေ ပုဒ်မ-၂၂/၂၃ ဖြင့် တရားစွဲခံထားရသည့် ဦးသိန်းပိုင်ပါသုံးဦးအနက် ဒေါ်အေးသည် ကျန်းမာ ရေးအရ အနီးကပ်စောင့်ရှောက်ဖို့လိုအပ်သဖြင့် အာမခံရရှိခဲ့ သော်လည်း ကျန်ရှိသူနှစ်ဦးအား ယနေ့ရုံးချိန်းတွင် တရားလိုဖြစ်သူ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းတံတားဦးစီးမှူး ဒေါ်မင်းမင်းမြင့်နှင့် လိုပြသက်သေများကို အပြန်အလှန်စစ်မေးသော်လည်း မန္တလေးတိုင်းဒေသကြီးလမ်းများ၊ တံတားများဥပဒေအရ ကျေးရွာချင်းဆက်လမ်းသည် ပေ ၅ဝ ဟု ဥပဒေပြဋ္ဌာန်းထားမှုသည် လွဲမှားနေသည့်အတွက် အာမခံ လျှောက်ထားခဲ့ရာမရရှိခဲ့ပေ။ ယ နေ့ရုံးထုတ်တွင် ကျေးလက်လမ်း ပေါ်ကျူးကျော်၍ ခြံစည်းရိုးခတ်သည်ဟုဆိုကာ ကျေးလက်လမ်း တံတားဦးစီးဌာနမှ လမ်းများ၊ တံတာများ ဥပဒေပုဒ်မ-၂၂ ဖြင့် တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် အမှုဖွင့်ဖမ်းဆီးခံရသည့် ဦးသိန်းပိုင်၊ ဒေါ်အေး၊ ဒေါ်မြမြ၊ ဒေါ်မြတို့နှင့် မြင့်ကုမ္ပဏီမှ ဦးဥာဏ်လင်းမှ တရားလိုပြုလုပ်၍ ရာဇသတ်ကြီး ပုဒ်မ- ၃၄၁ ဖြင့် ဦးရွှေအုန်းပါ ငါးဦးနှင့် ဦးရွှေအုန်းပါ ခုနစ်ဦးတို့ကို ရုံးထုတ် စစ်ဆေးခြင်းဖြစ်ပြီး ရုံးချိန်းတွင် တရားလိုဖြစ်သူ ကျေး/ လက်လမ်း တံတားဦးစီးမှူးနှင့် လိုပြသက်သေများကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။


ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက မန္တလေး-မတ္တရာ လမ်းပေါ်တွင် အောင်သပြေကျေးရွာနှင့် သရက်ကိုင်းကျေးရွာတို့မှ ဒေသခံများက ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းပေးရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြုတ်ချပေး ရေးနှင့် တောင်သူဒေါ်မြမြကို ဥပ ဒေမဲ့ ဖမ်းဆီးခဲ့မှုအား ဥပဒေအတိုင်းဆောင်ရွက်ပေးရန် တောင်းဆိုသည့်အနေဖြင့် မန္တလေးမှ နေ ပြည်တော်အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ရန်လာ ရောက်စဉ် ရဲတပ်ဖွဲ့ဝင်များကတားဆီးခဲ့သည်။ ထို့နောက် ဇူလိုင် ၂၄ ရက်တွင် ပုသိမ်ကြီးမြို့နယ် ယာယီရဲတပ် ဖွဲ့မှူးက တရားလိုပြုလုပ်၍ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ-၁၉ ဖြင့် အောင်သပြေကျေးရွာနေ ဦးရွှေ အုန်းပါ ငါးဦးနှင့် ဦးကျော်ဇေယျပါ လေးဦးကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးကျေး လက်လမ်း ဦးစီးဒေါ်မင်းမင်းမြင့်မှ တရားလို ပြုလုပ်၍ မန္တလေးတိုင်းဒေသကြီး လမ်းတံတားများဥပဒေပုဒ်မ ၂၂/ ၂၃ တို့ဖြင့် ဦးသိန်းပိုင်ပါ လေးဦး ကိုလည်းကောင်း၊ မြင့်ကုမ္ပဏီမှ ဦိးဥာဏ်လင်းမှ တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ် မ-၃၄၁ ဖြင့် ဦး ရွှေအုန်းပါ ငါးဦးနှင့် ဦးရွှေအုန်းပါ ခုနစ်ဦးတို့ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်ထားခဲ့သည်။

 

ယင်းအပြင် အောင်သပြေကျေးရွာ ဒေသခံဦးရွှေအုန်းမှ တရားလိုပြုလုပ်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၄၁ ဖြင့် မြင့်ကုမ္ပဏီမှဝန်ထမ်း ရှစ်ဦးကိုလည်းကောင်း၊ ဒေသခံ တောင်သူ ဒေါ်ဝေဝေလွင်မှ တရားလိုပြုလုပ်၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၃၇ ဖြင့် မြင့်ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကိုလည်းကောင်း ပြန်လည်အမှုဖွင့်ထားကြောင်း သိရသည်။ 

MTK

#democracytoday

Rate this item
(0 votes)
back to top