တာချီလိတ်၊ ဖေဖော်ဝါရီ ၁၇

ဖေဖေါ်ဝါရီ ဒုတိယအပတ်အတွင်း တာချီလိတ် နယ်စပ် ၀င်/ထွက် ပေါက်မှတစ်ဆင့် နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည် (၂၀၀) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသား ခရီးသွားဧည့်သည် (၁၅၄) ဦး၊ ဗီဇာဖြင့် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသား ခရီးသွားဧည့်သည် (၁၅၄) ဦး ရှိကြောင်း သိရှိရပါသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လွယ်ခန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့် အကွာသို့ အရောက်၌ မူးယစ်ဆေးဝါး ချက်လုပ်သူများ နေထိုင်ခဲ့သည့် တဲ ၁၅ လုံး၊ REEZER သုံးလုံး၊ မီးစက်ကြီး သုံးလုံး၊ ဆီနှင့် အက်စစ်များ ထည့်ထားသည့် ပီပါ ၅၀ လုံး၊ အက်စစ်ပုံး ၃၀ လုံး၊ ဘိန်းချက်ရာတွင် အသုံးပြုသည့် ဖန်ပေါင်းအိုး ငါးလုံး၊ ဂက်စ်အိုးကြီး ၁၀ လုံး၊ ဒစ်ဂျစ်တယ်ကတ္တား တစ်လုံးနှင့် ပြောက်ကျားယူနီဖောင်း ၁၅ စုံတို့အားသိမ်းဆည်းရမိခဲ့သည်။

မြဝတီ၊ ဖေဖော်ဝါရီ ၁၆

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာအုပ်စု၊ ရွာသစ် ကျေးရွာရှိ အိမ်တစ်အိမ်အား မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါးများအပြင် သေနတ်နှစ်လက်၊ ကျည်များနှင့်အတူ မော် တော်ယာဉ်တစ်စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သင်္ဃန်းညီနောင် ရဲစခန်းမှ သိရသည်။

ကန်ပက်လက်၊ ဖေဖော်ဝါရီ ၁၅

ချင်းပြည်နယ်အမှတ်တရ နေရာများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပွင့်လင်းရာသီမှအစပြု၍ ပြည်တွင်း၊ ပြည်ပဧည့်သည်များ ဝင်ရောက်မှုမှုများပြားလာသည့် ချင်းပြည်နယ် (တောင်ပိုင်း)ရှိ နတ်မတောင်(ခေါ်) ခေါ်နူးစုမ်(ဝိတိုရိယတောင်) အမျိုးသားဥယျာဉ်တွင် စည်းကမ်းတကျ အမှိုက်စွန့်ပစ်နိုင်ရန် အလွယ်တကူ အသုံးပြုနိုင်မည့် အမှိုက်ပုံးများချ ထားပေးသွားမည်ဖြစ်ကြောင်း ချင်း ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားသည်။

ကလေး၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်တင်ပို့နေသည့် ကုန်တင်မော်တော် ယာဉ်ပိုင်ရှင်ကြီးများအနေဖြင့် မိမိတို့ ကုန်တင်ယာဉ်များဖြင့် မြို့အတွင်းလှည့်လည်၍ ကုန်ပစ္စည်းများ လိုက်လံရောင်းချခြင်းကို ဖေဖော်ဝါရီ ၁၉ ရက်မှစတင်၍ မပြုလုပ်ရန် တရားဝင်ထုတ်ပြန်တားမြစ်ထားကြောင်း ပုဂ္ဂလိကမော်တော် ယာဉ်များစနစ်တကျပြေးဆွဲနိုင် ရေးကော်မတီမှသိရသည်။

မြိတ်၊ ဖေဖော်ဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သတင်းမီဒီယာ၊ မှုခင်းသတင်း ထောက်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ လုံခြုံရေးဝန်ထမ်းများကို နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်း၏ အသွင်သဏ္ဌာန်ပုံစံဆင်တူသည့် ယူနီဖောင်းများမဝတ်ဆင်ကြရန် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်ထွန်းက ပြောကြားခဲ့သည်။

မြဝတီ၊ ဖေဖော်ဝါရီ ၁၄

မြန်မာ- ထိုင်းနယ်စပ်သောင်ရင်းမြစ်အတွင်း စည်းကမ်းမဲ့စွာအမှိုက်ပစ်ချ နေမှုများအား ထိုင်းနိုင်ငံဘက်မှ ကန့်ကွက်နေသောကြောင့် ကရင် ပြည်နယ် မြဝတီမြို့စည်ပင်သာယာရေးကော်မတီမှ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။ စည်ပင်ကော်မတီအနေဖြင့် မြို့ပေါ်ရပ်ကွက်များအားလုံးတွင် အမှိုက်ကားများဖြင့် နေ့စဉ်လှည့်၍ အမှိုက်များကို လိုက်လံသိမ်း ဆည်းပေးနေသော်လည်း ဒေသခံအချို့သည် အမှိုက်ကားလာချိန်တွင် နေအိမ်များ၌ မရှိကြသော ကြောင့် အိမ်မှထွက်ရှိအမှိုက်များကို ညဘက်တွင် သောင်ရင်းမြစ်အတွင်း သွားရောက်စွန့်ပစ်ကြသည့်အတွက် ထိုင်းနိုင်ငံ မဲဆောက်စည်ပင်ကော်မတီမှ ကန့်ကွက်သည့် အပြင် မြဝတီမြို့နယ်အစွန်အဖျားရွာများ၌ တောင်ယာမီးရှို့မှုကိုလည်း ကန့်ကွက်မှုများရှိနေသည်။

ရွှေဘို

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် ကားနှင့် ထော်လာဂျီ တိုက်မှုဖြစ်ပွားရာမှ VIGO ကားပေါ်မှ ကျပ်သိန်း ၂၅ဝဝ နီးပါး တန်ဖိုးရှိဘိန်းဖြူများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့မရဲစခန်းမှ သိရသည်။

Page 2 of 57