အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်က အသင်းအနေ ဖြင့် လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပင်နယ်တီ ကျိန်စာဆိုးများထပ်မကြုံစေရေးအတွက် ကြိုတင်လေ့ကျင့်မှုများကို အာရုံစူးစိုက်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် အဓိကပြိုင်ပွဲကြီးများ၏ ပင်နယ်တီအဆုံးအဖြတ်ပွဲစဉ်များကို ခုနစ်ပွဲကစားခဲ့ရာတွင် ခြောက်ပွဲအရေးနိမ့်ခဲ့ပြီး လက်ရှိနည်းပြဆောက်ဂိတ်မှာ ယူရို ၉၆ ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် ဂျာမနီနှင့်ကစားခဲ့သောပွဲတွင် ပင်နယ်တီလွဲချော်ခဲ့ဖူးသူဖြစ်သည်။
သို့ဖြစ်ရာ နည်းပြဆောက်ဂိတ်၏ဦးဆောင်မှုနှင့်အတူ ပင်နယ်တီကျိန်စာဆိုးများကို ထပ်မံမကြုံရစေရေးအတွက် ပင်နယ်တီလေ့ကျင့်မှုများကို အာရုံစိုက်လုပ်ဆောင်လျက်ရှိပြီး ပင်နယ်တီကန်သွင်းရန် အရှိန်ယူလမ်းလျှောက်ရာတွင် ကွင်းလယ်စက်ဝိုင်းမှ ပင်နယ်တီအမှတ်အသားအထိ လမ်းလျှောက်စေသည်အထိ လေ့ကျင့် လေ့ရှိကြောင်း ပစ်ဖို့ဒ်ကပြောဆိုခဲ့သည်။ ပစ်ဖို့က ”ကျွန်တော့်အနေနဲ့ ပွဲတစ်ပွဲမှာ ပင်နယ်တီတစ်ခါမှ မကန်ဖူးပေမယ့် လိုအပ်လာခဲ့ရင် အသင့်ဖြစ်နေအောင် လေ့ကျင့်ထားပါတယ်။ အသင်းမှာ ပင်နယ်တီကန်တာကောင်းတဲ့ကစားသမားတွေအများကြီးရှိပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာ လေ့ကျင့်ကြတော့ သူတို့ရဲ့ ပင်နယ်တီတွေကို ကာကွယ်ရတာခက်ခဲပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပင်နယ်တီတချို့ကို ကာကွယ်နိုင်ခဲ့တဲ့အတွက် ပင်နယ်တီအဆုံးအ ဖြတ်နဲ့ပတ်သက်ပြီး ကျွန်တော်အဆင်သင့်ပါပဲ”ဟု ပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင် မန်ယူကွင်းလယ်လူ လင်ဂတ်က မိမိအတွက် မန်ယူတွင်ကစားရခြင်းထက် အင်္ဂလန်တွင်ကစားရခြင်းက ပိုမိုသက် သောင့်သက်သာရှိကြောင်းဖွင့်ဟခဲ့သည်။ လင်ဂတ်သည် ယမန်နှစ်ရာသီက မန်ယူကစားသမားဘဝ အအောင်မြင်ဆုံးနှစ်ဖြစ်ခဲ့ပြီး ၄၈ ပွဲကစားခဲ့ရာတွင် ၁၃ ဂိုးသွင်းယူနိုင်ခဲ့ရာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်၏အဓိက ကစားသမားတစ်ဦးဖြစ်လာဖွယ်ရှိသည်။ လင်ဂတ်က ”တကယ်တော့ ကျွန်တော့် အတွက် အင်္ဂလန်မှာကစားရတာဟာ မန်ယူမှာကစားရတာထက် ပိုပြီးသက်သောင့်သက်သာရှိပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ်ကစားခွင့်ရမယ့် ကျွန်တော့်အတွက် လက်ရှိအချိန်ကအထွတ် အထိပ်အချိန်ကာလတစ်ခုဖြစ်ပြီး မိနစ်တိုင်း အတွက်ပျော်ရွှင်နေမှာပါ။ ပွဲထွက်ကစားရတာပဲဖြစ်ဖြစ်၊ အရန်အဖြစ်ကစားရတာပဲဖြစ်ဖြစ် အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
KKW
#democracytoday
Discussion about this post