HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေမှာလဲ အောင်မြင်မှုတွေ ရယူချင်ပါတယ်- သက်ထားသူဇာ

ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေမှာလဲ အောင်မြင်မှုတွေ ရယူချင်ပါတယ်- သက်ထားသူဇာ

မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် မသက်ထားသူဇာနှင့် တွေ့ဆုံခြင်း

 ----------------------------------------------------------------------------------------------

ဘယ်အချိန်မှာ ကြက်တောင်အားကစားကို စပြီးရိုက်ခဲ့တာလဲ။

ညီမအသက် ခုနစ်နှစ်ကတည်းကစပြီး ကြက်တောင်အားကစားကို စတင်ကစားခဲ့ပါတယ်။ ညီမအဖေကလည်း ကြက်တောင်ကစားသမားဟောင်းဖြစ်ပြီး ထိုင်းနိုင်ငံမှာ နည်းပြလုပ်ခဲ့ပါတယ်။ ဒါကြောင့် ညီမနဲ့အမေက အဖေ့ဆီလိုက်နေရင်းနဲ့ ကြက်တောင်ကစား ဖြစ်သွားတာပါ။ စကစားဖြစ်ပုံကတော့ အဖေရဲ့တပည့်တစ်ယောက်က နှစ်ယောက်တွဲကစားဖို့အတွက် လူမရှိလို့ ဝင်ရိုက်ခဲ့ရတယ်။ အဲဒီပွဲမှာ ဆုရယူနိုင်ခဲ့တဲ့အတွက် ကြက်တောင်ကစားဖို့ ပိုဝါသနာပါပြီး နောက်ပိုင်းမှာ ဆက်ပြီးကစားဖြစ်ခဲ့တာပါ။ ညီမအဖေကတော့ လက်ဦးဆရာလို့ ပြောလို့ရပါတယ်။

နိုင်ငံတကာပြိုင်ပွဲတွေကို ဘယ်အချိန်မှာ စပြိုင်သလဲ။ နောက်ပြီး လက်ရွေးစင်ကစားသမားအဖြစ်ရော ဘယ်အချိန်မှာ စဖြစ်တာလဲ။

ညီမက အသက် ၁၂ နှစ်ရောက်မှ ထိုင်း ကနေ မြန်မာနိုင်ငံကို ပြန်ပြောင်းရွှေ့လာပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီး ကလပ်ပေါင်းစုံပြိုင်ပွဲမှာ ပထမဆုရခဲ့တယ်။နောက်ပြီး ၂ဝ၁၂ ခုနှစ်မှာ အမျိုးသားကြက် တောင်ပြိုင်ပွဲမှာလည်း ဆုရခဲ့ပြီးတော့ လက် ရွေးစင်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ လက်ရွေးစင်အသင်းနဲ့တော့ ဆီးဂိမ်း ပြိုင်ပွဲတွေ ဝင်ပြိုင်ဖူးပါတယ်။ ညီမပထမဆုံး ဝင်ပြိုင်တဲ့ ဆီးဂိမ်းပြိုင်ပွဲက ၂ဝ၁၁ ခုနှစ် အင် ဒိုနီးရှားဆီးဂိမ်းမှာပါ။ အဲဒီအချိန်တုန်းက ညီမအသက်က ၁၂နှစ်ပဲ ရှိသေးတယ်။ အိမ်ရှင်အင်ဒိုနီးရှားက ပြိုင်ဘက်နဲ့ ပထမအဆင့်မှာပဲတွေ့ခဲ့လို့ ပြိုင်ပွဲကထွက်ခဲ့ရတယ်။ အဲဒီအချိန်တုန်းက အတွေ့အကြုံပိုင်းက ငယ်ငယ်ကတည်းကရိုက်လာလို့ အတော်အတင့်ရှိပေမယ့် လူကြီးတွေနဲ့ရိုက်ရတဲ့အတွက် မယှဉ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂ဝ၁၃ ဆီးဂိမ်း ပြိုင်ပွဲ ဆက်ပြီးယှဉ်ပြိုင်ပါတယ်။ အင်ဒိုနီးရှား ပြိုင်ဘက်နဲ့ပဲတွေ့ခဲ့ရလို့ အောင်မြင်မှုမရခဲ့ပါဘူး။ အဲဒီနောက် နောက်ဆုံးပွဲဖြစ်တဲ့ ၂ဝ၁၇ မလေးရှားဆီးဂိမ်းမှာတော့ မလေးရှားက ပြိုင်ဘက်နဲ့တွေ့ခဲ့ပြီး နောက်ဆုံးဆီးဂိမ်းမှာ အမှတ်ရနိုင်သလောက်ရိုက်မယ်၊ နိုင်မယ်လို့ လည်းထင်ခဲ့ပေမယ့် အကြောင်းကြောင်းတွေ ကြောင့် အနိုင်မရခဲ့ပါဘူး။

 

thet htar thu

 

ညီမက နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲ ၁၅ ခုလောက်မှာ ရွှေတံဆိပ်တွေရော တခြားဆုတံဆိပ်တွေပါ ရခဲ့တယ်လို့ သိရပါတယ်။ အခုနောက်ဆုံး ကင်ညာနဲ့ ယူဂန္ဓာပြိုင်ပွဲ မှာရော ဘယ်လိုအတွေ့အကြုံတွေ ရရှိခဲ့လဲ။

ညီမသွားပြိုင်ဖြစ်တာက တိုကျိုအိုလံပစ်အတွက် အမှတ်သွားစုတာ ဖြစ်တဲ့အတွက် ကြောင့်မို့ ကစားသမားတွေက ယူဂန္ဓာ၊ ကင်ညာတို့လို အိမ်ရှင်နိုင်ငံတွေကများပါတယ်။အရှေ့တောင်အာရှနိုင်ငံတွေကတော့ သူတို့ထက် ပိုကောင်းပါတယ်။ ကမ္ဘာ့အဆင့်ကစားသမားတွေက အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကများပါတယ်။ အာဖရိကပြိုင် ပွဲမှာတော့ အီရန်၊ ဂျော်ဒန်ကစားသမားတွေနဲ့လည်း ရိုက်ရတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုက်ခဲ့ပါတယ်။ ခရီးသွားရတာ ဝေးတာရယ်၊ အစားအသောက်ပိုင်းရယ်ကတော့ အခက်အခဲ ဖြစ်ရပါတယ်။ ကစားသမားတစ် ယောက်က အစားအသောက်ပိုင်းက အရေးကြီးပါတယ်။ အစားအသောက် အခက်အခဲရှိတယ်။ မြန်မာပြည်ကနေ ယူသွားရတယ်။ ပြီးတော့ ရာသီဥတုမတူတာတွေလည်း ရှိပါ တယ်။

 

တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ကစားခွင့်ရဖို့က အမှတ်ဘယ် လောက်လိုအပ်တာလဲ။

အခုလောလောဆယ် ညီမရဲ့ကမ္ဘာ့အဆင့်သတ်မှတ်ချက်က အဆင့် ၁၅ဝ ပါ။ အဆင့် ၁ဝဝ လောက်ရရင်တော့ အိုလံပစ်မှာ ခြေစစ်ပွဲလောက်ကနေဝင်ကစားလို့ရပါတယ်။ ၂ဝ၂ဝ ပြိုင်ပွဲကြီးမတိုင်ခင်မှာ ပြိုင်ပွဲတွေထပ် ပြီး ဝင်ပြိုင်ဖို့ရှိပါတယ်။ ပြိုင်ပွဲတွေဆက်တိုက်ဝင်ပြိုင်နေမှ အမှတ်ပိုရလာမှာ ဖြစ်ပါတယ်။

 

thet htar thuzar lay

 

မြန်မာနိုင်ငံရဲ့ ကြက်တောင်အားကစားအဆင့်အတန်းကို ကြည့်မယ်ဆိုရင် ဒေသတွင်း နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှုနည်းပါးတာ တွေ့ရပါတယ်။ ကျွန်းဆွယ်ပြိုင်ပွဲနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာလည်း အမြင့်ဆုံးရခဲ့တာက ကြေးတံဆိပ်ပါ။ အဲဒီတော့ မြန်မာ့ကြက်တောင်အားကစားက တခြားကမ္ဘာ့အဆင့်နိုင်ငံတွေဖြစ်တဲ့ မလေးရှား ၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတွေနဲ့ယှဉ်ရင် ဘာတွေ ကွာခြားမှုရှိတယ်လို့ ထင်လဲ။

မြန်မာနိုင်ငံ ကစားသမားတွေမှာ အတွေ့အကြုံက အဓိကလိုအပ်နေတာ ပါ။ တခြားနိုင်ငံ တွေဖြစ်တဲ့ အင်ဒိုတို့ မလေးရှားတို့ ထိုင်းတို့က ကြက် တောင်ကွင်းတွေ အရမ်းကိုများသလို ပြိုင်ပွဲတွေလည်း အများကြီး ရှိပါတယ်။ ညီမတို့က လေ့ကျင့်မှု တွေကတော့လုပ်ပါတယ်။ အားလုံးကြိုးစားလေ့ကျင့်နေပါတယ်။ ဒါပေမဲ့ လေ့ကျင့်နေရုံနဲ့က အများကြီး လက်ရည်တိုးတက်လာဖို့ ခက်ပါတယ်။ လေ့ကျင့်မှုမှာ ယှဉ်လို့ရပေမယ့် ပြိုင်ပွဲတွေမလုပ်နိုင်တဲ့အတွက် သူတို့နဲ့ယှဉ်တဲ့အခါမှာ အရမ်းကိုကွာဟသွားပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံကကစားသမားတွေ အများစုက ကျောင်းတစ်ဖက်နဲ့များတဲ့အတွက် တခြားနိုင်ငံက ကစားသမား တွေလောက် အချိန်မပေးနိုင်တာကလည်း ကွာဟချက်တစ်ခုပါ။ ညီမတောင် အရင်က ကျောင်းတစ်ဖက်နဲ့ ပြည့်ပြည့်ဝဝ မလေ့ကျင့်နိုင်ခဲ့ပါဘူး။ အခုတော့ ကျောင်းပြီးသွားတဲ့အတွက် ပြိုင်ပွဲတွေ ဆက်ရိုက်တော့မှာပါ။

 

မြန်မာနိုင်ငံရဲ့ ကြက်တောင် လောက ကမ္ဘာ့အဆင့်အထိမြင့်တက်ဖို့ ၊ ကစားသမားတွေလည်း ကမ္ဘာ့အဆင့်ရှိဖို့ဆိုရင် ဘာတွေလုပ်ဆောင်သင့်တယ်လို့ ထင်လဲ။

အဓိက,က ကြက်တောင်ရိုက်မယ့်သူတွေအနေနဲ့ အခြေခံ ကောင်းကောင်းတတ်ဖို့လိုပါတယ်။ အခြေခံကောင်းနေမှ ကိုယ်ဘယ် လောက်ပဲ နားထားထား ပြန်ကစားတဲ့အခါ လက်ရည်ပြန်ကောင်းနိုင်ပါတယ်။ မြန်မာပြည်က ကစားသမားတွေလည်း လေ့ကျင့်ခန်းတော့ လုပ်ကြပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလည်းလုပ်မယ်၊ နိုင်ငံတကာပြိုင်ပွဲတွေလည်း များများလွှတ်ပေးနိုင်ရင် ပိုကောင်းလာပါလိမ့်မယ်။

 

thet htar

 

ကြက်တောင်အားကစားသမားတွေအတွက် အဖွဲ့ချုပ်ရဲ့ပံ့ပိုး ပေးမှုနဲ့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုကရော လုံလောက်မှုရှိရဲ့လား။ ဘာတွေလုပ်ပေးစေချင်လဲ။

လောလောဆယ်တော့ ညီမကသွားပြိုင် တဲ့ပွဲတွေမှာ အတတ်နိုင်ဆုံး ကြိုးစားရိုက်ခဲ့တယ်။ ဆုတွေလည်းရခဲ့တယ်။ ညီမက အဖွဲ့ချုပ်ကနေ သွားတဲ့အတွက် နိုင်ငံတော်က သိချင်မှလည်း သိမယ်။ အဖွဲ့ချုပ်ဘက်က နိုင်ငံ တော်ကို ချိတ်ဆက်ပြောပြမှ သိမယ့်အခြေအနေပါ။ အဲဒီလိုထင်ပါတယ်။

 

အမှတ်တရဖြစ်ခဲ့တဲ့ပွဲတွေရောရှိလား။

အများကြီးရှိပါတယ်။ ညီမကအသက် ခုနစ်နှစ်ကတည်းက ထိုင်းမှာရိုက်လာခဲ့တဲ့အတွက် ဘုရင်ကပေးတဲ့ဆုတွေလည်း ရခဲ့ဖူးပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေ၊ အထူးသဖြင့် တရုတ်၊ နီပေါတို့လိုနိုင်ငံတွေမှာ ရာသီဥတု အေးတဲ့အတွက် တော်တော်လေး အခက်အခဲရှိခဲ့တယ်။ ကစားသမားကောင်းတစ်ယောက်အတွက်က သွေးပူမှ ကစားလို့အဆင်ပြေတာ ဖြစ်တဲ့အတွက် အေးတဲ့အချိန်မှာ အချိန်ကြာ ကြာ လေ့ကျင့်ခန်းလုပ်ရပါတယ်။ အမှတ်တရအရှိဆုံးကတော့ ယိုးဒယားမှာပြိုင်ခဲ့တဲ့တောက် လျှောက်မှာ ဘုရင်ပေးတဲ့ဆုတွေရခဲ့တာပါပဲ။

 

မြန်မာ့ကြက်တောင်အားကစားလောက အနေအထားကရော ဒီအတိုင်းဆက်သွားရင် တိုးတက်လာနိုင်မလား။

အဓိက,ကတော့ ပြိုင်ပွဲတွေများများလွှတ် ပေးဖို့ပဲလိုအပ်တာပါ။ မြန်မာပြည်ကကစား သမားတွေလည်း မညံ့ကြပါဘူး။ နိုင်ငံတကာ ပြိုင်ပွဲများများဝင်ပြိုင်ရင်တော့ တစ်နေ့မှာ အကောင်းဆုံးကစားသမား ဖြစ်လာမှာပါ။

 

ကြက်တောင်မှာ အတုယူရတဲ့ကစားသမားတွေရောရှိလား။

ညီမအနေနဲ့ အတုယူရတဲ့ကစားသမားကတော့ ညီမက ယိုးဒယားမှာလည်းနေခဲ့ဖူး တော့ ကမ္ဘာ့အဆင့် ၁ ကနေ ၁ဝ အထိဝင် ခဲ့ဖူးတဲ့ ယိုးဒယားက ဝမ်ချာရော့ပါ။ အခုက တော့ ကမ္ဘာ့အဆင့် ၁၈ မှာ ရှိပါတယ်။ သူ ရိုက်တဲ့ပြိုင်ပွဲတွေ ထိုင်းမှာကြည့်ခဲ့ဖူးပါတယ်။

 

အခု ညီမက တစ်ယောက်ချင်းပွဲတွေ ရိုက်နေတယ်နော်။ နှစ်ယောက်တွဲပြိုင်ပွဲရော ရိုက်မှာပေါ့။ ဘယ်လိုကွာခြားချက် တွေရှိလဲ။

အဓိက,ကတော့ တစ်ဦးချင်းပွဲရိုက်တာ ပေါ့။ ဒါပေမဲ့ ညီမတို့အသင်းလိုက်ပြိုင်ပွဲသွားတဲ့အခါ ယောက်ျားလေးနဲ့တွဲပြီး နှစ်ယောက် တွဲရိုက်ရပါတယ်။ အသင်းလိုက်အောင်မြင်မှုရ ဖို့ကလည်း အရေးကြီးတဲ့အတွက်ဖြစ်ပါတယ်။ ကိုယ်နှစ်သက်တာကတော့ တစ်ဦးချင်းပြိုင်ပွဲပါ။

 

နောက်ဆုံးအနေနဲ့ အနာဂတ်မှာ ဘယ်လိုအောင်မြင်မှုတွေရဖို့ ရည်မှန်းကြိုးစားသွားမလဲ။

အခုလောလောဆယ် ပစ်မှတ်ထားနေတာကတော့ ၂ဝ၂ဝ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ကစားခွင့်ရရှိရေးဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ခွင့်ရဖို့က ကမ္ဘာ့အဆင့် ၁ဝဝ အတွင်းဝင်ဖို့ လို အပ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ယှဉ်ပြိုင်ပြီး အမှတ်တွေစုနေတာက တော့ အဓိကပစ်မှတ်ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေ ရယူသွားချင်ပါတယ်။ 

ဝဏ္ဏကို

#theyangontimes

Rate this item
(0 votes)
back to top