ဝါရှင်တန် ဒီဇင်ဘာ ၁၅ ၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီ ဟေလီက လွန်ခဲ့သောလတွင် ဆော်ဒီအာရေးဗီးယားနိုင်ငံကို ပစ်ခတ်ခဲ့သော ယီမင်နိုင်ငံမှ ဟူသီသူပုန်တို့၏ ပဲ့ထိန်းဒုံးကျည်တစ်စင်းမှာ အီရန်နိုင်ငံတွင် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း မငြင်းဆိုနိုင်သည့် သက်သေဖြစ်ကြောင်း ကြာသပတေးနေ့တွင် တင်ပြခဲ့သည်။
သံအမတ်ကြီး ဟေလီက အီရန်နိုင်ငံသည် ဒုံးကျည်လုပ်ငန်းများကို တားဆီးထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တားမြစ်ချက်များကို ကျူးလွန်ဖောက်ဖျက်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး သမိုင်းဝင် နျူကလီးယားသဘောတူညီချက်ကို ဆန့်ကျင်သည့်ဘက်သို့ သွားနေခြင်းသည် အီရန်နိုင်ငံအတွက် ဆိုးကျိုးသာ ဖြစ်စေကြောင်း အရှိန်မြှင့်တင်ပြောဆိုခဲ့သည်။
ဝါရှင်တန်စစ်အခြေစိုက်စခန်းတစ်ခုရှိ သိုလှောင်ရုံတစ်ခုတွင် ပြန်လည်ပြင်ဆင်ထားသော ဒုံးကျည်နှစ်စင်းရှေ့တွင် မတ်တပ်ရပ်ပြီး သံအမတ်ကြီး ဟေလီက ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်တွင် ရီယာ့ဒ် လေဆိပ်၌ ပစ်ခတ်ခဲ့သည်ဟုဆိုသော ဒုံးကျည်တစ်စင်းပေါ်၌ ရှိသော ခြေရာလက်ရာများမှာ အီရန်နိုင်ငံသားများ ထံမှ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
သံအမတ်ကြီး ဟေလီက “ဒါကို အီရန်နိုင်ငံမှာ ထုတ်လုပ်ထားတာဖြစ်ပြီး ယီမင်က ဟူသီသူပုန်တွေဆီကို ပို့ခဲ့တာဖြစ်ပါတယ်၊ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာရှိတဲ့ အပြစ်မဲ့တဲ့ အရပ်သားရာပေါင်းများစွာကို သတ်ဖြတ်ဖို့အတွက် အများပြည်သူတို့ရှိရာ လေဆိပ်ကို အဲဒီကနေ ပစ်ခတ်ခဲ့တာပါ” ဟု ပြောဆိုခဲ့သည်။
အီရန်၏ နျူကလီးယား အစီအစဉ်ကို ရပ်ဆိုင်းစေရန် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်သည် ယင်းဒေသတွင် အီရန်၏ ခြေရှုပ်နေမှုကို ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိဘဲ၊ အီရန်သည် ဒေသတွင်းပဋိပက္ခများကို အရှိန်မြင့်စေရန် မီးလောင်ရာ လေပင့်လုပ်နေကြောင်း ၄င်းကစွပ်စွဲပြောကြားခဲ့သည်။
Ref:AFP
#Democracytoday
Discussion about this post