မော်စကို၊ မေ ၁၉
အမေရိကန်ပြည်ထောင်စုက အီရန်နျူကလီးယားစာချုပ်က နုတ်ထွက်သွားသော်လည်း အီးယူ-ဥရောပသမဂ္ဂအဖွဲ့က စာချုပ်မှနုတ်ထွက်ရန်ကြံစည်မှုမရှိကြောင်း ရုရှားသို့အလည်ရောက်နေသည့် ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ပြောကြားလိုက်ကြောင်း ဆင်ဟွာသတင်းက မေ ၁၉ ရက် သတင်းအရသိရှိရသည်။
”ဤစာချုပ်မှာ ပြီးပြည့်စုံမှုမရှိသော်လည်း စာချုပ်မရှိသည့်ထက် ပို၍ကောင်းကြောင်း” မာကယ်က ရုပ်သံသတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။ မာကယ်သည် ရုရှားသမ္မတပူတင်နှင့် ပင်လယ်နက်အပန်းဖြေမြို့ ဆိုချီ၌ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်နှင့် အီးယူအဖွဲ့ဝင်အုပ်စုက ဤစာချုပ်ကို ထောက်ခံကြောင်း၊ နောက်လည်း ထောက်ခံသွားမည်ဟု သူမကပြောကြားလိုက်သည်။ မာကယ်က သူမနှင့်ပူတင်ဆွေးနွေးရာတွင် အီရန်နျူကလီးယား စာချုပ်ကိစ္စမှာ အဓိကဖြစ်ကြောင်း၊ သူမတို့ညီညွတ်ကြကြောင်း၊ အီရန်နှင့်ဆက်လက်ဆွေးနွေးရန်ထောက်ခံကြောင်း၊ နျူကလီးယားနှင့် တိုက်ချင်းပစ်ဒုံးပျံကိစ္စကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း မာကယ်ကပြောကြားခဲ့သည်။
ဆက်လက်၍ မာကယ်က အီးယူအဖွဲ့သည် အီရန်နှင့်ဆက်သွယ်သည့် ကုမ္ပဏီများကို အရေးယူပိတ်ဆိုခဲ့ပါက ခုသာခံသာရှိစေရန် ဆွေး နွေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ပြောခဲ့သည်။ ဤကိစ္စအ ပေါ် ကုမ္ပဏီများက ရွေးချယ်ကြလိမ့်မည်ဟု မာကယ်ကဆိုသည်။ အီရန်နျူကလီးယားသဘောတူညီချက်အား အရေးယူမှုဆိုင်ရာ ကျယ်ပြန့်သော ပူးတွဲစီမံချက် JC-POA ဟု ခေါ်သည်။ ၂ဝ၁၅ တွင် အီရန်၊ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်နှင့် ဂျာမနီတို့ပါ ဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။ မေ ၈ ရက်တွင် အမေရိကန်က ဤစာချုပ်မှ နုတ်ထွက်ခဲ့သည်။
Ref; Xinhua
#democracytoday
Discussion about this post