ဟာဗားနား၊ ဇွန် ၃
ကျူးဘားအမျိုးသားလွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲရေးကော်မရှင်အဖွဲ့ကို ဦးဆောင်ရန် သမ္မတဟောင်း ရာအူးကတ်စထရိုကို တာဝန်ပေးလိုက်ကြောင်း ဇွန် ၃ ရက် ရိုက် တာသတင်းက ဆိုသည်။ ရာအူးကတ်စထရို(၈၆)နှစ်သည် ဧပြီလတွင် သမ္မတရာထူးမှ အနားယူကာ မီဂွဲဒိုင်းယက်ကာနယ်(၅၈)နှစ်အား အာဏာလွှဲပြောင်း ပေးခဲ့သည်။ သို့သော် တစ်ပါတီဆိုရှယ်လစ်စနစ် ကျူးဘားနိုင်ငံတွင် ရာအူးကတ်စထရို၏အခန်းကဏ္ဍ တည်ရှိနေဆဲဖြစ်ကြောင်း ယခု ခန့်အပ်မှုက ပြသနေသည်။
ကတ်စထရိုသည် ကျူးဘားကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်အဖြစ် ၂ဝ၂၁ ခုနှစ်အထိ ဆက်လက်တာဝန်ယူမည်။ စစ်အေး ခေတ်ကာလ ၁၉၇၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး သုံးကြိမ်ပြင်ဆင်ခဲ့ပြီးဖြစ် သော အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရာတွင် ပါတီသည် အစိုးရအဖွဲ့၏အထက်တွင်ရှိသည်ဟူသောအချက်ကို ဆက်လက် ထည့်သွင်းသွားမည်ဟု ကတ်စထရိုက ပြောဆိုထားသည်။
အခြေခံဥပဒေအသစ်တွင် နိုင်ငံရေးခေါင်းဆောင်များ၏ အသက်နှင့်သက်တမ်းကန့်သတ်ချက်များ ပါဝင်ဖွယ်ရှိသည်။ လိင်တူချစ်သူများကိုလည်း အခွင့်အရေးများ ပိုမိုပေးအပ်လာဖွယ်ရှိသည်။ ကျွန်းနိုင်ငံလေးဖြစ်သော ကျူးဘားသည် စီးပွားရေးနှင့် လူမှုရေးကဏ္ဍများကို ပြုပြင်ပြောင်းလဲရန် စီစဉ်လျက်ရှိရာ အခြေခံဥပဒေအသစ် ရေးဆွဲရန် လိုအပ်လာရသည်။
ရာအူးကတ်စထရို၏အစ်ကို ယခင်ခေါင်းဆောင်ဟောင်း ဖီဒယ်ကတ်စထရိုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို သတိကြီးကြီးထားကာ လက်ခံခွင့်ပြုခဲ့ပြီးသည့်နောက် အခြေခံဥပဒေအသစ်ရေးဆွဲရန် လိုအပ်လာသည်ဟု ၂ဝ၁၁ ခုနှစ်ကတည်းကပင် ပြောခဲ့ဖူးသည်။ သမ္မတသစ် မီဂွဲဒိုင်းယက်ကာနယ်လက်ထက်တွင် ပြုပြင် ပြောင်းလဲမှုများ အရှိန်မြင့်လာမည်ဟု ကျူးဘားပြည်သူများက မျှော်လင့်ထားကြသည်။
Ref; Reuters
#democracytoday
Discussion about this post